Team Secret ကို အနိုင်ယူပြီး WePlay! Tug of War: Mad Moon ပြိုင်ပွဲရဲ့ ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့တဲ့ Dota 2 အသင်း Nigma

WePlay! Tug of War: Mad Moon ဆိုတာကတော့ DPC Event တစ်ခု မဟုတ်ပေမယ့် ပရိသတ် အချစ်တော် Dota 2 အသင်း အများစု ဝင်ရောက် ယှဥ်ပြိုင်ခဲ့တဲ့ ပြိုင်ပွဲ တစ်ခုပဲ ဖြစ်ပါတယ်။ WePlay! Tug of War: Mad Moon ပြိုင်ပွဲကို ဖေ‌ဖော်ဝါရီလ ၁၉ ရက်ကနေ ၂၃ ရက်နေ့အထိ ကျင်းပခဲ့တာဖြစ်ပြီး အဆိုပါ ပြိုင်ပွဲရဲ့ ချန်ပီယံဆုကိုတော့ The International 2019 ပြိုင်ပွဲမှာ ဒုတိယဆုနဲ့သာ ကျေနပ်ခဲ့ရတဲ့ Team Nigma (Ex-Liquid) အဖွဲ့သားတွေ အနေနဲ့ သိမ်းပိုက်နိုင်ခဲ့ပါတယ်။

Team Nigma အနေနဲ့ အုပ်စုဘီမှာ Viruts Pro, Aggressive Mode, Ninjas in Pyjamas စတဲ့ Dota 2 အသင်းတွေနဲ့ ယှဥ်ပြိုင်ခဲ့ရပြီး Aggressive Mode နဲ့ NiP တို့ကို အနိုင်ယူခဲ့ပေမယ့် CIS အင်အားကြီး Dota 2 အသင်း VP ကို ရှုံးနိမ့်ခဲ့ရတာကြောင့် အုပ်စု ဒုတိယ အဖြစ်နဲ့သာ Playoff အဆင့်ကို တက်လှမ်းခဲ့ရပါတယ်။

Team Nigma

Playoff အဆင့်မှာ ပရိသတ် အချစ်တော် Dota 2 ကစားသမားကြီး Dendi ကိုယ်တိုင်ဖွဲစည်းထားတဲ့ B8 Dota 2 အသင်းနဲ့ ယှဥ်ပြိုင်ခဲ့ရပါတယ်။ B8 Dota 2 အသင်းနဲ့ ယှဥ်ပြိုင်ခဲ့ရတဲ့ ပွဲစဥ်မှာ Team Nigma အနေနဲ့ နှစ်ပွဲပြတ်ဖြင့် အနိုင်ရရှိခဲ့တာကြောင့် ဆီမီးဖိုင်နယ် အဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။

ဆီမီးဖိုင်နယ် အဆင့်မှာ အုပ်စုအေရဲ့ ပထမနေရာကို ရှုံးပွဲမရှိ ရလဒ်ဖြင့် သိမ်းပိုက်နိုင်ခဲ့တဲ့ Dota 2 အသင်းလည်းဖြစ်၊ DreamLeague Season 13 ပြိုင်ပွဲမှာ ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့တဲ့ Dota 2 အသင်းလည်းဖြစ်တဲ့ Team Secret နဲ့ ယှဥ်ပြိုင်ခဲ့ရပါတယ်။

Team Secret at DreamLeague Season 13 Leipzig Major

Team Secret နဲ့ ယှဥ်ပြိုင်ခဲ့ရတဲ့ ပွဲစဥ်မှာ Nigma Dota 2 အသင်း အနေနဲ့ (၂ - ၁) ဆိုတဲ့ ရလဒ်ဖြင့် ရှုံးနိမ့်ခဲ့တာကြောင့် Lower Bracket ကို သက်ဆင်းပေးခဲ့ရပါတယ်။ Lower Bracket မှာ Aggresive Mode ကို (၂ - ၁) ၊ Gambit Esports ကို (၂ - ၀) ၊ Virtus Pro ကို (၂ - ၀) စတဲ့ ရလဒ်တွေနဲ့ အနိုင်ယူနိုင်ခဲ့တာကြောင့် Grand Finals မှာ စောင့်ဆိုင်းလျက်ရှိတဲ့ Team Secret နဲ့ ပြန်လည် ယှဥ်ပြိုင်ခွင့်ကို ရယူနိုင်ခဲ့ပါတယ်။

လက်ရှိ Dota 2 လောကရဲ့ အကောင်းဆုံး Dota 2 အသင်းတွေ အထဲမှာ တစ်သင်း အပါအဝင် အဖြစ် ရပ်တည်လျက်ရှိတဲ့ Team Secret အနေနဲ့ လက်စွမ်း မတည်ငြိမ်မှုတွေနဲ့ ကာလရှည် ရင်ဆိုင်ခဲ့ရတဲ့ Team Nigma ကို Game 1 နဲ့ Game 2 တို့မှာ အနိုင်ယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း Nigma အနေနဲ့ Game 3, Game 4 နဲ့ Game 5 တို့မှာ တမူထူးခြားတဲ့ စွမ်းဆောင်ရည်တွေကို ပြန်လည် ပြသနိုင်ခဲ့ပြီး Team Secret ကို သုံးပွဲဆက်တိုက် ပြန်လည် အနိုင်ယူနိုင်ခဲ့ပါတယ်။

Team Nigma

Nigma အနေနဲ့ Team Secret ကို (၃ - ၂) ဆိုတဲ့ ရလဒ်ဖြင့် အနိုင်ယူနိုင်ခဲ့တာကြောင့် WePlay! Tug of War: Mad Moon Dota 2 ပြိုင်ပွဲကြီးရဲ့ ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့သလို ဆုကြေးငွေ အမေရိကန် ဒေါ်လာ ၁ သိန်း ၃ သောင်းကိုလည်း သိမ်းပိုက်နိုင်ခဲ့ပါတယ်။

REF: VpEsports