WePlay! Tug of War: Mad Moon ပထမနေ့ ပွဲစဥ်တွေ အပြီးမှာပဲ ပြိုင်ပွဲကနေ နှုတ်ဆက်ခဲ့ရတဲ့ Dota 2 အသင်းများ

WePlay! Tug of War: Mad Moon ဆိုတာကတော့ DPC အမှတ်များ ပေးအပ်သွားမယ့် ပြိုင်ပွဲတစ်ခု မဟုတ်ပေမယ့်လည်း အသင်းကြီး မြောက်များစွာ အဆိုပါ ပြိုင်ပွဲမှာ ဝင်ရောက် ယှဥ်ပြိုင်သွားမှာ ဖြစ်တာကြောင့် Dota 2 ချစ်ပရိသတ်တွေ စောင့်မျှော် ကြည့်ရှုခဲ့ကြတဲ့ ပြိုင်ပွဲ တစ်ခုပဲ ဖြစ်ပါတယ်။

NiP.Universe

WePlay! Tug of War: Mad Moon ပြိုင်ပွဲကို ဖေဖော်ဝါရီလ (၁၉) ရက်နေ့ကနေ (၂၃) ရက်နေ့အထိ ယူကရိန်းနိုင်ငံ၊ Kyiv မြို့တော်မှာ ကျင်းပသွားမှာဖြစ်ပြီး ပရိုဖက်ရှင်နယ် Dota 2 အသင်းတွေဖြစ်တဲ့ Team Secret, Gambit Esports, Nigma, Virtus Pro, Ninjas in Pyjams, B8, Infamous, Aggressive Mode စတဲ့ Dota 2 အသင်း‌ပေါင်း (၈) သင်း ဝင်ရောက် ယှဥ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

Team Nigma

ယခုအခါမှာ WePlay! Tug of War: Mad Moon ပြိုင်ပွဲရဲ့ ပထမနေ့ ပွဲစဥ်တွေ ပြီးဆုံးသွားပြီ ဖြစ်တာနဲ့အညီ ပြိုင်ပွဲကနေ စောစီးစွာ ထွက်ခွာခဲ့ရတဲ့ Dota 2 အသင်းတွေလည်း ‌ထွက်ပေါ်လို့ လာခဲ့ပြီ ဖြစ်ပါတယ်။ WePlay! Tug of War: Mad Moon ကနေ အစောဆုံး ထွက်ခွာခဲ့ရတဲ့ Dota 2 အသင်းတွေကတော့ တောင်အမေရိက အခြေစိုက် Dota 2 အသင်း Infamous နဲ့ ဥရောပ အခြေစိုက် Dota 2 အသင်း NIP တို့ပဲ ဖြစ်ပါတယ်။

Infamous အနေနဲ့ အုပ်စုအေမှာ Team Secret, B8, Gambit Esports စတဲ့ Dota 2 အသင်းတွေနဲ့ ယှဥ်ပြိုင်ခဲ့ရပြီး အုပ်စုအဖွင့် ပွဲစဥ်မှာ Fng ဦးဆောင်တဲ့ Gambit Esports ကို နှစ်ပွဲပြတ်ဖြင့် ရှုံးနိမ့်ခဲ့သလို ဒုတိယမြောက် ပွဲစဥ်မှာလည်း Dota 2 Legend ကြီး Dendi ကိုယ်တိုင် ဖွဲ့စည်းထားတဲ့ B8 Dota 2 အသင်းကို နှစ်ပွဲပြတ်ဖြင့် ထပ်မံ ရှုံးနိမ့်ခဲ့တာကြောင့် ပြိုင်ပွဲကနေ စောစီးစွာ ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။

Infamous.Papita

NIP အနေနဲ့ အုပ်စုဘီရဲ့ အဖွင့်ပွဲစဥ်မှာ တတိမြောက် Major/ Minor လက်ရည်စစ်ပွဲ နှစ်ခုလုံးမှာ ကျရှုံးခဲ့တဲ့ Team Nigma နဲ့ ယှဥ်ပြိုင်ခဲ့ရပြီး အဆိုပါ ပွဲစဥ်မှာ နှစ်ပွဲပြတ်ဖြင့် ရှုံးနိမ့်ခဲ့သလို ဒုတိယမြောက် ပွဲစဥ်မှာလည်း Skiter, LiL တို့ ပါဝင်တဲ့ Aggressive Mode ကို (၂-၁) ဆိုတဲ့ ရလဒ်ဖြင့် ထပ်မံ ရှုံးနိမ့်ခဲ့တာကြောင့် Infamous နည်းတူ ပြိုင်ပွဲကနေ စောစောစီးစီး နှုတ်ဆက် ထွက်ခွာသွားရပြီ ဖြစ်ပါတယ်။

B8.Dendi

လက်ရှိအချိန်မှာ WePlay! Tug of War: Mad Moon ပြိုင်ပွဲရဲ့ ကျန်ရှိနေတဲ့ ပွဲစဥ်တွေကို ဆက်လက် ယှဥ်ပြိုင်လျက် ရှိတာကြောင့် Infamous နဲ့ NIP နည်းတူ ဘယ်အသင်းတွေ ထပ်မံ နှုတ်ဆက် ထွက်ခွာသွားရမလဲ ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: VpEsports