အသစ် ပြန်လည် ဖွဲ့စည်းလိုက်တဲ့ CSGO အသင်းကို တရားဝင် ကြေငြာပေးလိုက်ပြီဖြစ်တဲ့ Cloud 9

ပြီးခဲ့တဲ့ ရက်ပိုင်းခန့်က Cloud 9 CSGO အသင်းရဲ့ ကစားသမားဟောင်းဖြစ်သူ MIxwell အနေနဲ့ အသင်းကနေ ထွက်ခွာခဲ့ရတဲ့ အကြောင်းအရင်းနဲ့အတူ Cloud 9 CSGO အသင်းမှာ ဝင်ရောက် ကစားသွားဖွယ်ရှိတဲ့ ကစားသမား အသစ်တွေနဲ့ ပတ်သတ်ပြီး အရိပ်အမြွက် ပြောကြားသွားခဲ့ပါတယ်။

ယခုအခါမှာတော့ Mixwell ပြောကြားသွားခဲ့တဲ့အတိုင်း Cloud 9 CSGO အသင်းကို ATK CSGO အသင်းရဲ့ ကစားသမားတွေနဲ့ ပြန်လည် ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း အတည်ပြုပေးလိုက်ပြီ ဖြစ်ပါတယ်။ Cloud 9 CSGO အသင်းရဲ့ ထုတ်ပြန် ကြေငြာချက်များအရ အသစ်ဖွဲ့စည်းသွားမယ့် Cloud 9 CSGO အသင်းအတွက် ATK CSGO အသင်းရဲ့ ကစားသမားတွေ အပြင် နည်းပြဖြစ်သူကိုပါ ခေါ်ယူခဲ့တာဖြစ်ကြောင်း သိရပါတယ်။

အခုလို Cloud 9 CSGO အသင်းရဲ့ ခေါ်ယူခြင်းကို ခံယူနိုင်ခဲ့တာနဲ့ ပတ်သတ်ပြီး ATK CSGO အသင်းရဲ့ နည်းပြဖြစ်သူ Tiaan “T.C” Coertzen ကတော့ အခုလိုပဲ ပြောကြားသွားခဲ့ပါတယ်။

Cloud 9 လို နာမည်ကျော် အဖွဲ့အစည်း လက်အောက်မှာ ဝင်ရောက် ကစားခွင့် ရရှိဖို့ဆိုတာ ကျွန်တော်တို့ အဖွဲ့သားတွေ အားလုံးရဲ့ ရည်မှန်းချက်ပဲ ဖြစ်ပါတယ်။ အခုလို နာမည်ကျော်Esports အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ Cloud 9 လက်အောက်ခံ CSGO အသင်းမှာ ဝင်ရောက် ကစားခွင့် ရရှိတဲ့ အတွက်လည်း ပြောမပြတတ်အောင် ဝမ်းသာမိပါတယ်။

ကျွန်တော်တို့ အသင်းကို လူငယ်ကစားသမားတွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်တာကြောင့် Cloud 9 လို Esports အဖွဲ့အစည်းကြီးရဲ့ အထောက်အပံ့တွေကို ရရှိခဲ့ခြင်းက ကစားသမားတွေ ဖွံ့ဖြိုးတိုးတက်မှုပိုင်း ဆိုင်ရာမှာ များစွာသော အထောက်အကူတွေကို ရရှိစေမှာ ဖြစ်သလို မဝေးတော့တဲ့ အနာဂတ်မှာလည်း အောင်မြင်မှုတွေကို စွတ်ခူးသွားနိုင်မယ်လို့လည်း ယုံကြည်မိပါတယ်။”

Cloud 9 အနေနဲ့ 2018 Boston Major မှာ ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့စဉ် အချိန်က စတင်ကာ လက်ရှိအချိန်ထိ အောင်မြင်မှုတွေနဲ့ ဝေးကွာနေခဲ့တာကြောင့် လူငယ် ကစားသမားတွေနဲ့ ဖွဲ့စည်းထားတဲ့ ATK CSGO အသင်းသားတွေကို ခေါ်ယူလိုက်ခြင်းက ယခင် အချိန်တွေတုန်းကလို အောင်မြင်တဲ့ CSGO အသင်းအဖြစ် ပြန်လည် ရပ်တည်နိုင်ရေး အတွက် လမ်းစ တစ်ခု ဖြစ်လာနိုင်ပါတယ်။

အသင်းဖွဲ့စည်းလိုက်တဲ့ Cloud 9  CSGO အသင်း အနေနဲ့ ဇန်နဝါရီလ ၉ ရက်နေ့မှာ ကျင်းပသွားမယ့် 2020 IEM Katowice Closed Qualifier မှာ ဝင်‌ရောက် ယှဉ်ပြိုင်သွားမှာ ဖြစ်တာကြောင့် အောင်မြင်မှုတွေကို ပြန်လည် သိမ်းပိုက်နိုင်မလား ဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

Cloud 9 CSGO အသင်းရဲ့ ကစားသမား စာရင်းကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • Johnny “JT” Theodosiou
  • Ian “motm” Hardy
  • Ricky “floppy” Kemery
  • Josh “oSee” Ohm
  • Aran “Sonic” Groesbeek
  • Tiaan “T.c” Coertzen (Coach)

REF: VpEsports, DotEsports