အောင်မြင်မှုတွေ စွတ်ခူးနိုင်စေဖို့ ဝါရင့်နည်းပြတစ်ဦးကို ခေါ်ယူအားဖြည့်လိုက်တဲ့ OG CSGO

Dota 2 လောကရဲ့ အကြီးမားဆုံး ပြိုင်ပွဲဖြစ်တဲ့ The International ပြိုင်ပွဲမှာ နှစ်ကြိမ်တိုင်တိုင် ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့တဲ့ Esports အဖွဲ့အစည်း OG အနေနဲ့ CSGO လောကမှာပါ အောင်မြင်မှုတွေ သိမ်းပိုက်ရယူရန် အတွက် နာမည်ကျော် ကစားသမားတွေ ပါဝင်တဲ့ CSGO အသင်းကို ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်နေ့မှာ ဖွဲ့စည်းခဲ့ပါတယ်။

OG CSGO အသင်း အနေနဲ့ စတင် ဖွဲ့စည်းခဲ့စဥ် အချိန်က စတင်ပြီး လက်ရှိအချိန်ထိ CS Summit 5, Intel Extreme Masters XIV – World Championship: European Open Qualifier တို့မှာ ဝင်ရောက် ယှဥ်ပြိုင်ခဲ့သလို အဆိုပါ ပြိုင်ပွဲနှစ်ခုလုံးမှာ ဆိုးဝါးတဲ့ ရလဒ်တွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒါကြောင့်လည်း OG CSGO အသင်းသားတွေကို ထိန်းကျောင်းပေးနိုင်မယ့်၊ နည်းလမ်းကောင်းတွေကို သင်ကြားပေးနိုင်မယ့် ဝါရင့်နည်းပြ တစ်ဦးကို အခုလို ခေါ်ယူလိုက်ရတာ ဖြစ်ပါတယ်။

OG CSGO အသင်းရဲ့ နည်းပြရာထူးကို တာဝန် ထမ်းဆောင်သွားမှာကတော့ နာမည်ကျော် CSGO အသင်းတွေဖြစ်တဲ့ Team Dignitas, North, Optic Gaming တို့ရဲ့ နည်းပြဟောင်းဖြစ်သူ Casper “Ruggah” Due ပဲ ဖြစ်ပါတယ်။ Ruggah အနေနဲ့ Optic Gaming CSGO အသင်းကို ဖျက်သိမ်းလိုက်တဲ့ ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းကတည်းက အသင်းလက်မဲ့ အဖြစ် တည်ရှိနေခဲ့တာဖြစ်ပြီး ယခုအခါမှတော့ OG CSGO အသစ်ရဲ့ လစ်လပ်လျက်ရှိတဲ့ နည်းပြနေရာမှာ ဝင်ရောက် လုပ်ကိုင်သွားမှာ ဖြစ်ပါတယ်။

Ruggah

OG CSGO အသင်း အနေနဲ့ မကြာခင် အချိန်အတွင်းမှာ ကျင်းပသွားမယ့် ICE Challenge, Blast Premier Spring စတဲ့ ပြိုင်ပွဲတွေမှာ ဝင်ရောက် ယှဥ်ပြိုင်သွားဖို့ ရှိတာကြောင့် အခုလို အောင်မြင်မှုပေါင်းများစွာကို စွတ်ခူးနိုင်ခဲ့တဲ့ နည်းပြကြီး Ruggah ကို ခေါ်ယူလိုက်ခြင်းက အသင်းအတွက် ကောင်းကျိုးတွေကို ဖြစ်စေမလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

OG CSGO အသင်းရဲ့ လက်ရှိကစားသမား စာရင်းကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • Nathan “NBK” Schmitt
  • Aleksi “Aleksib” Virolainen
  • Valdemar “Valde” Bjorn Vangsa
  • Issa “ISSA” Murad
  • Mateusz “Mantuu” Wilczewski
  • Casper “Ruggah” Due (Coach)

REF: VpEsports