PUBG Mobile All-Stars 2019 ပြိုင်ပွဲမှာ အနိုင်ရ ဗိုလ်စွဲခဲ့တဲ့ ပရိုဖက်ရှင်နယ် PUBG Mobile အသင်း Fnatic

Tencent Gaming အနေနဲ့ PUBG Mobile ကို စတင် ထုတ်လွှတ်ပေးခဲ့စဉ် အချိန်က စတင်ပြီး ယနေ့အချိန်ထိ Update အသစ်ပေါင်း များစွာကို ထုတ်လွှတ်ပေးခဲ့သလို ပြိုင်ပွဲပေါင်း များစွာကို ကျင်းပပြီး တောင့်တင်း ခိုင်မာတဲ့ ပရိသတ် အင်အား ရရှိလာအောင် တည်ဆောက်နိုင်ခဲ့ပါတယ်။ လက်ရှိအချိန်မှာ PUBG Mobile ကို ဒေါင်းလုပ်ဆွဲ အသုံးပြုသူဦးရေ အဆမတန် များပြားလာခဲ့ပြီ ဖြစ်တာကြောင့် နာမည်ကျော် Esports အဖွဲ့အစည်း အများစု အနေနဲ့ PUBG Mobile လောကထဲကို စတင် ဝင်ရောက်လို့ လာခဲ့ကြပါတယ်။

Esports လောကမှာ နာမည်တစ်လုံးနဲ့ ရပ်တည်နိုင်ခဲ့တဲ့ Fnatic အနေနဲ့ PUBG Mobile လောကမှာလည်း အောင်မြင်မှုတွေကို သိမ်းပိုက်နိုင်ဖို့ အတွက် အိန္ဒိယနိုင်ငံ အခြေစိုက် နာမည်ကျော် PUBG Mobile အသင်း တစ်သင်းကို ခေါ်ယူခဲ့ပါတယ်။ နာမည်ကျော် ကစားသမားတွေနဲ့ Fnatic PUBG Mobile အသင်းကို ဖွဲ့စည်းခဲ့တာ ဖြစ်တာကြောင့် ပရိသတ် အများစုရဲ့ စောင့်ကြည့်ခြင်းကို ခံခဲ့ရပေမယ့်လည်း အသင်းကို စတင် ဖွဲ့စည်းခဲ့စဉ် အချိန်မှာ ကျရှုံးမှုတွေနဲ့သာ ရင်ဆိုင်ခဲ့ရပါတယ်။

ဒါကြောင့် Fnatic PUBG Mobile အသင်း အနေနဲ့ ကစားသမား အပြောင်းအလဲ အနည်းငယ်ကို ပြုလုပ်ခဲ့ပြီး အိန္ဒိယနိုင်ငံသား PUBG PC နာမည်ကျော် ကစားသမား တစ်ဦးကို Fnatic PUBG Mobile အသင်းရဲ့ နည်းပြ အဖြစ် ခန့်အပ်ခဲ့ပါတယ်။ နည်းပြ အပါအဝင် ကစားသမား အချို့ကို အပြောင်းအလဲ ပြုလုပ်လိုက်တဲ့ အခါမှာတော့ Fnatic PUBG Mobile အသင်း အနေနဲ့ Online ပြိုင်ပွဲတွေမှာ အောင်မြင်မှုတွေကို စတင် ရယူနိုင်ခဲ့ပါတယ်။

ဒါ့အပြင် မကြာသေးမီ အချိန်က ကျင်းပ ပြီးစီးသွားခဲ့တဲ့ PUBG Mobile All-Stars 2019 ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ကိုလည်း ရရှိခဲ့ပါတယ်။ PUBG Mobile All-Stars 2019 ပြိုင်ပွဲဟာ Fnatic PUBG Mobile အသင်း အတွက် ပထမဆုံး Lan ပြိုင်ပွဲတစ်ခုဖြစ်ပြီး အဆိုပါပြိုင်ပွဲမှာ နာမည်ကျော် PUBG Mobile အသင်းတွေဖြစ်တဲ့ Entity Gaming, ETG. Brawlers, Team IND, 8bit စတဲ့ အသင်းတွေ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပါတယ်။

PUBG Mobile All Stars 2019

PMAS 2019 ပြိုင်ပွဲမှာ နာမည်ကျော် PUBG Mobile အသင်း အများစု အနေနဲ့ ရုန်းကန်ခဲ့ရပြီး Enity Gaming အနေနဲ့ ပြိုင်ပွဲ အဆုံးသတ်သွားတဲ့ အချိန်မှာ အဆင့် (၄) နေရာဖြင့်သာ ကျေနပ်ခဲ့ရသလို PMIT ပြိုင်ပွဲမှာ အနိုင်ရ ဗိုလ်စွဲခဲ့တဲ့ 8bit အနေနဲ့ အဆင့် (၁၀) နေရာဖြင့်သာ ကျေနပ်ခဲ့ရပြီး Team IND အနေနဲ့ အဆင့် (၁၁) နေရာဖြင့်သာ ကျေနပ်ခဲ့ရပါတယ်။

နာမည်ကျော် အသင်း အများစု အနေနဲ့ PMAS 2019 ပြိုင်ပွဲမှာ ရုန်းကန်ခဲ့ရပေမယ့်လည်း Fnatic PUBG Mobile အသင်းကို ပြိုင်ပွဲ စတင်စဉ် အချိန်ကတည်းက လူသိနည်းပါးတဲ့ အသင်း တစ်သင်းဖြစ်တဲ့ Team Mayhem အနေနဲ့ တောက်လျှောက် ဒုက္ခပေးနိုင်ခဲ့သလို အမှတ် အနည်းငယ် အကွာကနေ ဆက်တိုက် ဆိုသလို ဖိအားပေးနိုင်ခဲ့ပါတယ်။

ဒါပေမယ့်လည်း PMAS 2019 ပြိုင်ပွဲကြီးရဲ့ နောက်ဆုံးနေ့မှာတော့ Fnatic PUBG Mobile အသင်း အနေနဲ့ အမှားအယွင်းမရှိ ကစားနိုင်ခဲ့ကာ Team Mayhem အသင်းကို (၁၆) မှတ်ဖြတ်နိုင်ခဲ့တာကြောင့် PMAS 2019 ပြိုင်ပွဲကြီးရဲ့ ပထမဆုကို သိမ်းပိုက်နိုင်ခဲ့သလို စုစုပေါင်း ဆုကြေးငွေ ရူပီး ၂၅ သိန်းကိုလည်း ရယူနိုင်ခဲ့ပါတယ်။

ဒါ့အပြင် Fnatic PUBG Mobile အသင်း အနေနဲ့ မကြာမီ အချိန်အတွင်းမှာ ကျင်းပသွားမယ့် Peacekeeper Elite Championship ပြိုင်ပွဲကြီးမှာ SouL, Synerge စတဲ့ နာမည်ကျော် PUBG Mobile အသင်းတွေနဲ့အတူ ဝင်ရောက် ယှဉ်ပြိုင်သွားရမှာ ဖြစ်တာကြောင့် အဆိုပါ ပြိုင်ပွဲမှာလည်း PMAS 2019 ပြိုင်ပွဲမှာ ပြသနိုင်ခဲ့တဲ့ လက်စွမ်းလက်နတွေကို ထပ်မံ ပြသနိုင်ပြီး အနိုင်ရ ဗိုလ်စွဲသွားမလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: AfkGaming