Game Streaming လောကထဲကို စတင် ဝင်ရောက်လာခဲ့တဲ့ UFC ချန်ပီယံဟောင်း Ronda Rousey

Game Streaming လောကထဲကို စတင် ဝင်ရောက်လာခဲ့တဲ့ UFC ချန်ပီယံဟောင်း Ronda Rousey

UFC Bantamweight ချန်ပီယံဟောင်း တစ်ဦးဖြစ်သူ Ronda Rousey အနေနဲ့ Facebook Streamer အဖြစ် စတင် လုပ်ကိုင်သွားတော့မှာဖြစ်ကြောင်း တရားဝင် ကြေငြာသွားခဲ့ပြီ ဖြစ်ပါတယ်။ အသက် (၃၃) နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ Rousey အနေနဲ့ လက်ရှိအချိန်မှာ WWE ကိုယ်စားပြု နပန်းသမ၊ ဖျော်ဖြေသူ (Entertainer) အဖြစ် လုပ်ကိုင်လျက် ရှိပါတယ်။

Ronda Rousey အနေနဲ့ WWE ကိုယ်စားပြု နပန်းသမ အဖြစ် လုပ်ကိုင်လျက် ရှိသလို TV Shows တွေ၊ ရုပ်ရှင်တွေမှာလည်း ရိုက်ကူးရေး‌တွေ ဝင်ရောက် လုပ်ဆောင်ခဲ့ပါတယ်။ ဒါ့အပြင် Ronda Rousey ကို WWE, UFC ဂိမ်းအမျိုးအစားတွေမှာ Playable Character အဖြစ်လည်း မြင်တွေ့နိုင်ပါတယ်။

Ronda Rousey အနေနဲ့ UFC ကစားသမား ဘဝကနေ အနားယူခဲ့စဥ် အချိန်ကတည်းက ဖျော်ဖြေရေး လောက အထဲကို ဝင်ရောက်လာခဲ့တာ ဖြစ်သလို လက်ရှိအချိန်မှာ သူမရဲ့ Instagram အကောင့်ကို Follow လုပ်ထားတဲ့ လူဦးရေဟာ ၁၂ သန်းကျော်လာတဲ့ အထိ မြင့်တက်လို့ သွားခဲ့ပြီ ဖြစ်ပါတယ်။ ယခုအခါမှာတော့ Ronda Rousey တစ်ယောက် သူမရဲ့ ကျော်ကြားမှုကို ထပ်မံ မြှင့်တင်နိုင်စေဖို့ အတွက် Game Streaming လောကထဲကို စတင်‌ ဝင်ရောက်လို့ လာခဲ့ပြီ ဖြစ်ပါတယ်။

Facebook Streamer အဖြစ် စတင် လုပ်ကိုင်တော့မှာဖြစ်တဲ့ အကြောင်းကို Ronda Rousey ကတော့ အခုလိုပဲ ပြောပြသွားခဲ့ပါတယ်။

“ကျွန်မကို ချစ်ခင်နှစ်သက်တဲ့ ပရိတ်သတ် အစစ်အမှန်တွေနဲ့ အလွယ်တကူ ထိတွေ့နိုင်မယ်လို့ ယုံကြည်တာကြောင့် အခုလို Game Streaming လောကထဲကို ဝင်ရောက် လာခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း Facebook မှာပဲ Streaming ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ တခြားသော Streaming Platform တွေကို ပြောင်းလဲ အသုံးပြုသွားဖို့တော့ အခုချိန်ထိ စိတ်ကူး မရှိသေးပါဘူး။”

Ronda Rousey အနေနဲ့ ပထမဆုံး Streaming Section ကို ဖေဖော်ဝါရီလ၊ ၁၈ ရက်နေ့မှာ ပြုလုပ်သွားမှာဖြစ်ပြီး Streaming ပထမဆုံး ပြုလုပ်တဲ့နေ့မှာ Pokémon Sword and Shield ဂိမ်းကို ကစားသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ Ronda Rousey ရဲ့ Gaming စွမ်းဆောင်ရည်တွေကို လေ့လာချင်တယ် ဆိုရင်တော့ ဒီလင့်ခ်ကနေ တစ်ဆင့် ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

REF: AfkGaming