PSG.LGD Dota2 အသင်းနဲ့ လမ်းခွဲလိုက်ပြီဖြစ်တဲ့ Fy နဲ့ Somnus’M (Maybe)

နာမည်ကျော် တရုတ် Dota2 ကစားသမား နှစ်ဦးဖြစ်တဲ့ Lu “SoMnus?M” Yao နဲ့ Xu “fy” Linsen တို့ကတော့ PSG.LGD Dota2 အသင်းနဲ့ လမ်းခွဲလိုက်ပြီ ဖြစ်ပါတယ်။ Fy နဲ့ Somnus တို့ နှစ်ဦးလုံးဟာ PSG.LGD Dota2 အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားတဲ့ အချိန်မှာ တစ်ပြိုင်နက် ထွက်ခွာခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။

Fy

နာမည်ကျော် Pos4 ကစားသမား Xu “Fy” Linsen အနေနဲ့ PSG.LGD Dota2 အသင်းကို ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလမှာ ရောက်ရှိခဲ့တာဖြစ်ပြီး PSG.LGD ကိုယ်စားပြု ကစားသမား အဖြစ် ပွဲစဉ်ပေါင်း ၇၀၀ ကျော် ကစားပေးခဲ့သလို ဆုဖလားပေါင်း များစွာကိုလည်း သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် Fy အနေနဲ့ PSG.LGD Dota2 အသင်းနဲ့အတူ TI 8 မှာ ဒုတိယ၊ TI 9 မှာ တတိယစတဲ့ အောင်မြင်မှုတွေကိုလည်း ရယူနိုင်ခဲ့ပါတယ်။

Fy တစ်ယောက် အသင်းကနေ ထွက်ခွာသွားခဲ့ကြောင်းကို PSG.LGD ဘက်ကတော့ အခုလိုပဲ ကြေညာသွားခဲ့ပါတယ်။

“Fy အနေနဲ့ အသင်းဘက်က တောင်းဆိုလာတဲ့ အကူအညီ မှန်သမျှကို မညီးမညူ လုပ်ဆောင်ပေးခဲ့ပါတယ်။ ဒါ့အပြင် “Fygod” ဆိုပြီး Dota2 လောကမှာ နာမည် ကျန်ရန်စေတဲ့ အထိ လက်စွမ်းကောင်းတွေကို ပြသပေးခဲ့သလို LGD Dota2 အသင်းမှာ ရှိနေခဲ့တဲ့ သုံးနှစ်တာ ကာလပတ်လုံးမှာလည်း အောင်မြင်မှုတွေ ရရှိစေဖို့ အတွက် အစွမ်းကုန် ပေးဆပ်ခဲ့ပါတယ်။

PSG.LGD Dota2 အသင်းအတွက် မေ့ပစ်ဖို့ မဖြစ်နိုင်တဲ့ အမှတ်တရပေါင်း များစွာကို Fy အနေနဲ့ ယူဆောင် လာပေးခဲ့သလို အသင်းကနေ မထွက်ခွာခင် အချိန်အထိ အစွမ်းကုန် ကြိုးစားပေးခဲ့တာတွေ အတွက်လည်း တကယ်ကို ကျေးဇူးတင်ရှိပါတယ်။ ရှေ့ဆက်လျှောက်ပြီးလည်း အောင်မြင်စေဖို့ ဆုတောင်းပေးလိုက်ပါတယ်။ နှုတ်ဆက်လိုက်ပါတယ် ကပ္ပတိန်။”

Fy

Fy တစ်ယောက် အသင်းကနေ ထွက်ခွာပြီး နာရီပိုင်းခန့် အကြာမှာပဲ Maybe အနေနဲ့ PSG.LGD Dota2 အသင်းကို စွန့်ခွာသွားခဲ့တာ ဖြစ်ပါတယ်။ Maybe အနေနဲ့ LGD Dota2 အသင်းကို ၂၀၁၅ ခုနှစ်ကတည်းက ရောက်ရှိခဲ့တာဖြစ်ပြီး LGD Dota2 အသင်း ကိုယ်စားပြု အဖြစ် ၁၄၄၄ ပွဲ ကစားပေးခဲ့သလို ဆုဖလားပေါင်း များစွာကိုလည်း သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် Maybe အနေနဲ့ LGD Dota2 အသင်းမှာ ကစားခဲ့တဲ့ ကာလအတွင်း ဆုကြေးငွေ ဒေါ်လာ ၃ သန်း နီးပါး ရယူနိုင်ခဲ့ပါတယ်။

Maybe

Maybe တစ်ယောက် အသင်းကနေ ထွက်ခွာသွားပြီ ဖြစ်ကြောင်းကို PSG.LGD Dota2 အသင်းဘက်ကတော့ အခုလိုပဲ ကြေညာသွားခဲ့ပါတယ်။

“Maybe နဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းဟာ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သလို Maybe အနေနဲ့လည်း အသစ်အသစ်သော စိန်ခေါ်မှုတွေကို ရင်ဆိုင်သွားဖို့ အတွက် အသင်းကနေ ထွက်ခွာဖို့ အတွက် ဆုံးဖြတ်လိုက်ပြီ ဖြစ်ပါတယ်။ LGD Dota2 အသင်းမှာ ရှိနေခဲ့တဲ့ ကာလအတွင်း အောင်မြင်မှုတွေ စွတ်ခူးနိုင်ဖို့ အတွက် အစွမ်းကုန် ကြိုးပမ်းပေးခဲ့တဲ့ Maybe ကို အထူးပင် ကျေးဇူးတင်ရှိသလို ရှေ့ဆက်ပြီးတော့လည်း အောင်မြင်စေဖို့ ဆုတောင်းပေးလိုက်ပါတယ်။”

Maybe

Fy နဲ့ Maybe တို့ PSG.LGD Dota2 အသင်းကနေ မထွက်ခွာခင် ရက်ပိုင်းကလည်း ViciGaming Dota2 အသင်းရဲ့ နည်းပြဖြစ်သူ rOtK နဲ့ Offlane ကစားသမားဖြစ်သူ Yang တို့ အသင်းကနေ ထွက်ခွာသွားခဲ့တာကြောင့် ViciGaming ရဲ့ Carry ကစားသမားဖြစ်သူ Eurus (Paparazi) သာ အသင်းကနေ ထပ်မံ ထွက်ခွာသွားခဲ့မယ်ဆိုရင် ကောလာဟလတွေ အတိုင်း နာမည်ကျော် Dota2 ကစားသမားတွေ ပါဝင်တဲ့ 4AM Dota2 အသင်းကို မကြာခင် အချိန်အတွင်း မြင်တွေ့သွားရဖွယ် ရှိပါတယ်။

REF: AfkGaming