ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဘာလင်မြို့မှာ ကျင်းပသွားမယ့်PUBG Global Series ကို နောက်ဆုတ်လိုက်ပြီ

ဂျာမနီနိုင်ငံ ဘာလင်မြို့မှာ ပထမဆုံးအကြိမ် ကျင်းပသွားမယ့် PUBG Global Series ကို မတ်လ ၃၁ ရက်နေ့က ဧပြီလ ၁၂ ရက်နေ့အထိ ကျင်းပဖို့ အစပထမက စီစဥ်ခဲ့ပေမယ့်လည်း ယခုအခါမှာတော့ ကမ္ဘာအနှံ့ ကိုရိုနာဗိုင်းရပ် ပျံ့နှံ့လာခြင်းကြောင့် ပြိုင်ပွဲကျင်းပသွားမယ့် ကာလကို နောက်ဆုံးလိုက်ပြီဖြစ်ကြောင်း PLAYERUNKOWN’S BATTLEGROUNDS အဖွဲ့အစည်း အနေနဲ့ တရားဝင် ထုတ်ပြန် ကြေငြာပေးလိုက်ပြီ ဖြစ်ပါတယ်။

အခုလို ပြိုင်ပွဲကာလ နောက်ဆုတ်သွားမှာနဲ့ ပတ်သတ်ပြီး PUBG အဖွဲ့အစည်း အနေနဲ့ Social Media စာမျက်နှာတွေကနေ တစ်ဆင့် ကြေငြာပေးခဲ့သလို PUBG တရားဝင် ဝက်ဘ်ဆိုက်ကနေ တစ်ဆင့်လည်း ကြေငြာပေးခဲ့ပါတယ်။

“လက်ရှိအချိန်မှာ ကမ္ဘာတစ်ဝှမ်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ လူဦးရေ တဖြည်းဖြည်းနဲ့ မြင့်တက်လာလျက် ရှိတာကြောင့် ကစားသမားတွေ၊ ပရိသတ်တွေ၊ ဝန်ထမ်းတွေရဲ့ ကျန်းမာရေး အတွက် စိုးရိမ် ပူပန်ရတာကြောင့် ဧပြီလမှာ ကျင်းပသွားမယ့် PGS: Berlin ပြိုင်ပွဲကို နောက်ဆုတ်ခဲ့ရတာ ဖြစ်ပါတယ်။”

ဒါ့အပြင် PUBG အဖွဲ့အစည်း အနေနဲ့ PGS: Berlin ပြိုင်ပွဲမှာ ဝင်ရောက် ယှဥ်ပြိုင်ခွင့် ရရှိရေး အတွက် ဒေသတွင်း လက်ရည်စစ်ပွဲတွေကို အမေရိက၊ ဥရောပ၊ အာရှဒေသတွေမှာ ကျင်းပသွားဖို့ စီစဥ်ထားပေမယ့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရခြင်း မရှိအောင် ကာကွယ်နိုင်ဖို့ အတွက် လက်ရည်စစ်ပွဲ ကျင်းပသွားမယ့် နေ့ရက်ကိုလည်း ရွေ့ပြောင်းသွားဖွယ် ရှိတယ်လို့ အရိပ်အမြွက် ပြောကြားသွားခဲ့ပါတယ်။

လက်ရှိအချိန်မှာ PUBG Global Series: Berlin ပြိုင်ပွဲကို ဘယ်အချိန်၊ ဘယ်ကာလ အထိ နောက်ဆုတ်သွားမယ် ဆိုတာကို ကြေငြာခြင်း မရှိသေးပေမယ့် မကြာခင် အချိန်အတွင်းမှာ ထုတ်ပြန် ကြေငြာပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

REF: OneEsports