နာမည်ကျော် Sportswear Brand Nike ရဲ့ Brand Ambassador ဖြစ်လာတဲ့ Ramzes

ရုရှားနိုင်ငံသား နာမည်ကျော် Dota2 ကစားသမား Roman “RAMZES666” Kushnarev ကတော့ နာမည်ကျော် Sportswear Brand တစ်ခုဖြစ်တဲ့ Nike ရဲ့ Brand Ambassador ဖြစ်လာခဲ့ပြီ ဖြစ်ပါတယ်။ Virtus Pro အဖွဲ့သားဟောင်းတွေနဲ့အတူ ပူးပေါင်း တည်ထောင်ခဲ့တဲ့ Just Error Dota2 အသင်းမှာ ရလဒ်ဆိုးတွေနဲ့ ရင်ဆိုင်ရလျက် ရှိပေမယ့်လည်း Nike နဲ့ လက်တွဲလိုက်နိုင်ခြင်းက Ramzes တစ်ယောက် In-Game ပြင်ပမှာတော့ အတော်လေးကို အောင်မြင်လျက် ရှိတယ်လို့ ဆိုရမှာပဲ ဖြစ်ပါတယ်။

Ramzes ရဲ့ Talent Agency ဖြစ်တဲ့ Winstrike ဘက်မှ အဆိုအရ အခုလို Nike နဲ့ လက်တွဲလိုက်နိုင်ခြင်းကြောင့် Ramzes အနေနဲ့ Nike ရဲ့ ပရိုမိုးရှင်း အစီအစဉ်တွေမှာ ဝင်ရောက် ပါဝင်သွားမှာ ဖြစ်သလို Nike ဘက်မှလည်း Ramzes တစ်ယောက် နာမည်ကျော် Dota2 ကစားသမား တစ်ယောက် အဖြစ် ဆက်လက် ရပ်တည်သွားနိုင်ဖို့ အတွက် လေ့ကျင့်ရေး အစီအစဉ်တွေ ကူညီဆောင်ရွက်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

အခုလို Nike နဲ့ လက်တွဲလိုက်နိုင်ခြင်းနဲ့ ပက်သက်ပြီး Ramzes ဘက်ကတော့ အောက်ပါအတိုင်း ပြောကြားသွားခဲ့ပါတယ်။

“အခုလို ကမ္ဘာ့ထိပ်သီး Brand တစ်ခုဖြစ်တဲ့ Nike နဲ့ လက်တွဲလိုက်နိုင်ခြင်း အတွက် တကယ်ကို ဝမ်းသာမိပါတယ်။ နောက်ပြီးတော့ Nike နဲ့ လက်တွဲနိုင်ဖို့ အတွက် အစွမ်းကုန် ကူညီ ဆောင်ရွက်ပေးခဲ့တဲ့ Winstrike Talent Agency ကိုလည်း အထူးပင် ကျေးဇူးတင်ရှိပါတယ်။

နာမည်ကျော် အားကစားသမားတွေဖြစ်တဲ့ Michael Jordan, Cristiano Ronaldo တို့လို ကစားသမားတွေနဲ့လက်တွဲ လုပ်ကိုင်လျက်ရှိတဲ့ Nike ရဲ့ Brand Ambassador အဖြစ် ခန့်အပ်ခြင်း ခံရတဲ့ အတွက်လည်း အရမ်းကို ဂုဏ်ယူမိပါတယ်။ ကျွန်တော့်အတွက် အတွေ့အကြုံသစ် တစ်ခုဖြစ်သလို စိတ်ဝင်စားစရာတွေကို ဖော်ဆောင်သွားနိုင်မယ်လို့လည်း ယုံကြည်မိပါတယ်။”

Ramzes အတွက် အခုလို နာမည်ကျော် Brand တွေနဲ့ လက်တွဲလုပ်ကိုင်ခြင်းက ပထမဆုံး အကြိမ်တော့ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလမှာ Head & Shoulders ကုမ္ပဏီရဲ့ ကြော်ငြာ အစီအစဉ်တွေမှာ ပထမဆုံး Esports ကစားသမား အဖြစ် ပါဝင်ခဲ့သလို တရုတ်နိုင်ငံ အတွင်းရှိ Ramzes ရဲ့ ပရိသတ်တွေနဲ့ အလွယ်တကူ ထိတွေ့ ဆက်ဆံနိုင်ဖို့ အတွက် ပြီးခဲ့တဲ့ လအနည်းငယ်ခန့်က Red Marble Esports အေဂျင်စီနဲ့ လက်တွဲကာ Weibo Page တစ်ခု ဖွင့်လှစ်ခဲ့ပါသေးတယ်။

REF: VpEsports