ကျောင်းမှာဆရာမတွေပဲ ဘောပင်အနီရောင်ကိုသုံးလို့ရတာ ဘာကြောင့်လဲ

ငယ်ငယ်ကအတန်းထဲမှာ ဆရာမကိုင်တဲ့ဘောပင်အနီရောင်လေးကို လိုချင်တပ်မက်ခဲ့ဖူးတယ်။ ငါကဘာလို့အနီရောင်လေးနဲ့ရေးလို့မရတာလဲဆိုပြီး တွေးခဲ့ဖူးတယ်။ အနီရောင်လေးက တောက်တောက်လေးနဲ့ ပုံဆွဲလို့လည်းသိပ်ကောင်းမှာပဲလို့ ထင်ခဲ့ဖူးတယ်။ အင်တာနက်မရှိတဲ့ ကိုယ်တို့ငယ်စဉ်ဘဝမှာ ဆရာမတွေပဲဘောပင်အနီရောင်ကိုင်ရလို့ လောကကြီးကိုအပြစ်မြင်ခဲ့ဖူးတယ်။ အခုတော့ဘာလို့လဲဆိုတာကို အင်တာနက်ကျေးဇူးကြောင့်သိခဲ့ရပြီ။ သိရတော့မှ ငယ်ငယ်ကကိုယ်ကငကြောင်ပဲဆိုပြီး သိလိုက်ရလို့ ရယ်လိုက်ရတာလဲအမောပါပဲ။
ဘောပင်အနီကို ဆရာမတွေကိုပဲ ဘာလို့ပေးသုံးတာလဲဆိုတာ မပြောခင်မှာ ကျောင်းသားတွေကဘာလို့ ဘောပင်အပြာတွေ ၊ အမဲတွေနဲ့ရေးရလဲဆိုတာကို အရင်ရှင်းပြမှရမယ်။ ပထမဆုံးပြောရရင် ကျောင်းသားတွေက စာရွက်အဖြူပေါ်မှာစာရေးရတယ်လေ။ ဒီတော့ဘာပင်အပြာနဲ့အမဲကိုသုံးမှ အဖြူပေါ်မှာထင်းထင်းရှင်းရှင်းမြင်ရမှာဖြစ်တယ်။ ဘာလို့လည်းဆိုတော့ အပြာရောင်ရော အမဲရောင်ရောက အရောင်ရင့်တွေဖြစ်လို့လေ။ ပြီးတော့အပြာရောင်နဲ့အမဲရောင်က မျက်လုံးကိုလည်းအေးစေတာကြောင့် စာစစ်တဲ့ဆရာမရော ကျောင်းသားရောစာဖတ်ရတာအဆင်ပြေတာကြောင့် ကျောင်းသားတွေကအပြာရောင်နဲ့အမဲရောင်ဘောပင်တွေကို သုံးကြတာဖြစ်တယ်။
ဒီတော့ဆရာမတွေကကျတော့ ဘာလို့အနီရောင်ကိုသုံးရတာလဲ။ ဆရာမတွေဘောပင်အနီရောင်သုံးရခြင်းရဲ့ အဓိကအကြောင်းပြချက်က ပြန်ပြင်ထားပေးတာတွေကို ပြချင်တာရယ် ၊ ဘာတွေမှားနေတယ် ၊ ဒီအစားဘယ်လိုပြန်ရေးလို့ရမယ်ဆိုတာကို စာတိုလေးတွေနဲ့ရှင်းပြဖို့ရယ်အတွက် အမှတ်ခြစ်တဲ့နေရာမှာသုံးကြတယ်။ အမဲရောင်နဲ့အပြာရောင်တွေကြားမှာပေါ်ဖို့အတွက် အနီရောင်ကိုရွေးချယ်သုံးပါတယ်။ ဘာလို့လဲဆိုတော့ အရောင်နက်နှစ်မျိုးဖြစ်တဲ့ အမဲနဲ့အပြာကြားမှာ ဆန့်ကျင်ဖက်အရောင်ဖြစ်တဲ့ အရောင်ဖျော့ပြီးတောက်တဲ့ အနီရောင်ကိုသုံးမှ လိုက်ဖက်မှာဖြစ်တာကြောင့်ဖြစ်တယ်။ ဒါမှလည်းဆရာမကကျောင်းသားရဲ့စာကိုအမှားပြင်ပေးထားတာကို သေချာမြင်မှာဖြစ်ပါတယ်။
အဲဒီမှာစာဖတ်သူတို့အနေနဲ့တွေးနေမှာက အရောင်တောက်တဲ့တခြားအရောင်တွေလည်းရှိရဲ့သားနဲ့ ဘာလို့အနီရောင်ကိုမှ ရွေးပြီးရေးတာလည်းပေါ့။ အခြေခံအားဖြင့် ဘောပင်တွေထုတ်တဲ့အချိန်မှာ အပြာ ၊ အမဲ ၊ အနီ ၊ အစိမ်း ၊ အပန်း ၊ အညို စတဲ့အရောင်တွေကို အဓိကထားပြီးထုတ်ကြတယ်။ ဒီမှာ ခရမ်းရောင်နဲ့ အညိုရောင်က အရောင်ရင့်တဲ့အတွက် အပြာနဲ့အမဲရဲ့ဆန့်ကျင်ဖက်အရောင်မဖြစ်ဘူး။ ခရမ်းတွေ ၊ အညိုတွေနဲ့အမှတ်ခြစ်ရင် အရောင်ကအတူတူလိုတွေဖြစ်နေလိမ့်မယ်။ ပန်းရောင်ကိုလည်းသုံးလို့မရဘူး ၊ ဘာလို့လဲဆိုတော့ ပန်းရောင်ကအရမ်းနုတဲ့အတွက်ကြောင့် မြင်ရဖို့ခက်ခဲနေမှာဖြစ်လို့ပါ။ ဒီတော့ သုံးစရာက အနီနဲ့အစိမ်းပဲကျန်တော့တယ်လေ။ အစိမ်းနဲ့အနီထဲမှာလည်း အနီကပိုပြီးထင်းတာကြောင့် အနီကိုပဲရွေးသုံးလိုက်တာပါ။
ဒီတော့ဆရာမတွေလည်း အကြောင်းအရင်းရှိလို့ အနီရောင်ကိုင်တာတယ်ဆိုတာ သိပြီလို့ထင်ပါတယ်။ အမေရိကားလိုနိုင်ငံမှာတော့ အနီရောင်သုံးပြီး အမှတ်ခြစ်တာက ကျောင်းသားတွေက မကောင်းတဲ့ခံစားချက် ၊ စိတ်ထိခိုက်စေတဲ့ ၊ အရည်အချင်းကိုဝေဖန်ပြောဆိုတဲ့ သဘောမျိုးသက်ရောက်တဲ့အတွက် အနီကိုပိတ်ပင်နေကြတယ်။ ဒါပေမယ့်အရောင်သုံးတဲ့ရည်ရွယ်ချက်က အမှတ်ခြစ်ပြီးရှင်းပြရတာ လွယ်ကူစေဖို့ပဲဖြစ်ပါတယ်။ ပရိသတ်ကြီးတို့ရောဘယ်လိုထင်ကြလဲ။
Piki (Akhayar)
Ref: https://steemit.com