ဘာကြောင့်မှတ်စုစာအုပ်တစ်အုပ်ကို အမြဲတမ်းဆောင်ထားဖို့လိုတာလဲ

စာရေးတယ်ဆိုတာမှာ အနှစ်သာရတွေအများကြီးပါတယ်။ လက်ရာမြောက်လွန်းတဲ့စာပေတိုင်းကိုလူတိုင်းရေးနိုင်ချင်မှရေးနိုင်မယ် ၊ ဒါပေမယ့်လူတိုင်းမှာ စာရေးဖို့အခွင့်အရေးရှိတယ်။ လူတိုင်းဘယ်လိုစာအမျိုးအစားကိုမဆိုရေးနိုင်တယ်။ မှတ်စုတွေ ၊ စကားပုံတွေ ၊ အတွေးတွေ ၊ ကဗျာတွေ ၊ ယုတ်စွအဆုံး ဟိုခြစ်ဒီခြစ်ပါလုပ်လို့ရတယ်။ ကျွန်မတို့လူသားတွေရဲ့အတွေးတွေက အရမ်းကိုလှပတယ်။ စကြာဝဠာထဲမှာရှိတဲ့ သက်ရှိတွေထဲမှာ ကျွန်မတို့သိထားသလောက်တော့ လူသားတွေပဲ တွေးခေါ်နိုင်ကြတယ်။ သူများတွေမလုပ်နိုင်တဲ့အရာတစ်ခုကို လုပ်နိုင်တဲ့မျိုးစိတ်ဖြစ်တဲ့ ကျွန်မတို့လူသားတွေအနေနဲ့ အတွေးတွေ ၊ စိတ်ကူးတွေကို တန်ဖိုးထားသင့်တယ်။

အတွေးနဲ့မှတ်စုစာအုပ် ဘာမှမဆိုင်ဘူးလို့ အပြောမစောပါသေးနဲ့ဦးနော်။ မှတ်စုစာအုပ်တွေမှာ သူတို့နဲ့သက်ဆိုင်တာတွေ အများကြီးရှိတယ်။ မှတ်စုစာအုပ်ဆိုတာ သင့်အတွေးတွေနားခိုနိုင်တဲ့ ရိပ်သာလိုပဲ ၊ မှတ်စုစာအုပ်တွေက သင့်ရဲ့ပုံပြင်ကို ပြန်ပြောပြမယ့် ပုံပြောသူတွေ ၊ မှတ်စုစာအုပ်တွေက သင့်ရဲ့အနာဂတ်သမိုင်းကြောင်းကို ပို့ဆောင်ပေးမယ့် တံတားတွေဖြစ်တယ်လို့ ကျွန်မတော့ထင်တယ်။ ဒီတော့ဘာလို့မှတ်စုစာအုပ်တွေအမြဲဆောင်ထားသင့်တာလဲ။

အတွေးတွေကမခန့်မှန်းထားတဲ့အချိန်မှာပေါ်လာတတ်လို့
ကျွန်မပြောခဲ့သလိုပဲ ကျွန်မတို့တွေ အတွေးတွေ ၊ စိတ်ကူးတွေကို တန်ဖိုးထားရမယ်။ အတွေးတွေကလေ မမျှော်လင့်ထားတဲ့အချိန်မှာပေါ်လာပြီး မျက်တောင်တစ်ချက်ခတ်လိုက်တဲ့အချိန်မှာ ဖျတ်ကနဲပြန်ပျောက်သွားတတ်တယ်။ ပြောရမယ်ဆိုရင် ဘတ်စ်စီးရင်းလူတွေပြည့်ကျပ်နေတဲ့အချိန်မှာလည်း အတွေးတွေက ပေါ်လာတတ်တယ်။ မိုးရွာနေတုန်း မိုးရေတွေမြေပေါ်ကျတာကြည့်ရင်းလည်းပေါ်လာတတ်တယ်။ အဆုံးထိပြောရရင် ခလုတ်တိုက်မိတာတောင် စိတ်ကူးအသစ်တွေကို ပေးနိုင်တယ်။ ဒီတော့မထင်မှတ်ထားဘဲ ပေါ်လာတဲ့လှပတဲ့အတွေးတွေကို အမိအရဖမ်းဆုပ်ဖို့အတွက် ကျွန်မတို့တွေ မှတ်စုစာအုပ်တွေဆောင်ထားရမယ်။ ဒါမှပေါ်လာတဲ့အတွေးတိုင်းကိုချက်ခြင်းမှတ်ထားလို့ရမှာ။ ဒီလိုဆိုရင်သူတို့တွေပျောက်ချင်သပဆိုရင်တောင် သူတို့ရဲ့ခြေရာတွေကျွန်မတို့ဆီမှာ ကျန်ခဲ့ပြီပေါ့။

အတွေးတွေက တစ်ပိုင်းတစ်စပဲ ပေါ်လာတတ်တာမို့လို့
ဘယ်သူ့ဆီမှာပေါ်လာတဲ့ဘယ်အတွေးမဆို လုံးဝပြည့်စုံတဲ့အတွေးရယ်လို့မရှိပါဘူး။ အတွေးတွေအားလုံးက ကားအစိတ်အပိုင်းတစ်ခုလိုပဲ။ ကားတစ်စီးဖြစ်ဖို့ ပစ္စည်းအပိုင်းအစတွေ အများကြီးလိုတယ်။ ဒီအပိုင်းတွေအားလုံးစုံမှ ကားကမောင်းလို့ရမယ်ပေါ့။ အတွေးတွေကလည်းအဲဒီလိုပဲ။ ပေါ်လာလာချင်းမှာ အပိုင်းတစ်ခုအနေနဲ့ပဲရှိသေးတယ်။ ပြည့်စုံတဲ့အတွေးအခေါ်တစ်ခုဖြစ်ဖို့ဆိုရင် တခြားအပိုင်းတွေလိုသေးတယ်။ ဒါကြောင့်မှတ်စုထဲမှာမှတ်ထားဖို့လိုတာ။ အပိုင်းတစ်ခုရပြီဆိုရင် ကျန်တဲ့အပိုင်းတွေကိုရှာဖို့ကလည်း မခက်တော့ဘူးလေ။

မှတ်စုစာအုပ်တွေကအတွေးတွေရဲ့မြေဆီလွှာမို့လို့ပါ
အပင်တစ်ပင်ပေါက်ဖို့ဆိုရင် မြေဆီလွှာကောင်းကောင်းလိုတာ လူတိုင်းသိပါတယ်။ ဒီလိုပဲ အတွေးအခေါ်ကောင်းတစ်ခုဖြစ်ဖို့ဆိုရင်လည်း ကောင်းမွန်တဲ့မှတ်စုစာအုပ်လိုတယ်ပေါ့။ ကျွန်မရဲ့အတွေးတွေကလည်းထူးဆန်းတယ်နော်။ ဒါပေမယ့်ဒါကလည်းအတွေးမို့လို့ ဒီလိုဆောင်းပါးဖြစ်အောင်ရေးနိုင်တာပေါ့။ ကျွန်မဒီဆောင်းပါးရေးဖို့စာတွေဖတ်တော့ စိတ်ကူးတွေရတယ် ၊ ဘယ်လိုရေးရမလဲပေါ့။ ကျွန်မမှတ်ထားတာတွေကို ကျွန်မရဲ့မှတ်စုစာအုပ်ထဲမှာမှတ်တယ်။ ကျွန်မမှာကွန်ပျူတာရှိပါတယ်။ ဘာလို့အဲဒီမှာမမှတ်လဲဆိုတော့ ကွန်ပျူတာမှာ ဘာတွေမှန်းမသိဘူး Software တွေ ၊ Data တွေ ၊ File တွေနဲ့ရှုပ်နေတယ်။ ကျွန်မရဲ့အတွေးတွေကို ဒီအရှုပ်ပုံထဲသွားမှတ်တာက ပိုးကျနေတဲ့မြေပေါ်အပင်သွားစိုက်တာနဲ့တူတူပဲ။ အတွေးသစ်လေးတွေကိုထပ်ပြီးမွမ်းမံဖို့တောင် ကွန်ပျူတာကိုကြည့်ပြီး စိတ်ပျက်သွားတယ်။ ဒါကြောင့်မျက်စိကျန်းမာရေးအတွက်လည်းသင့်တော်တဲ့ မှတ်စုစာအုပ်ထဲမှာ အတွေးတွေကိုပဲ သီးသန့်ရေးမှတ်ထားတာပါ။ ပြောရရင်မှတ်စုစာအုပ်က ကွန်ပျူတာထဲက Document File လိုလေးဖြစ်သွားတာပေါ့။ ဒါကတော့ကျွန်မရဲ့ကိုယ်ပိုင်အမြင်ပေါ့။ တချို့လူတွေအတွက်ကတော့ ကွန်ပျူတာတွေ ၊ ဖုန်းတွေကပိုပြီးတော့ အသုံးဝင်တာကို ကျွန်မလက်ခံပါတယ်။

နိဂုံးချုပ်ပြီးပြောရရင် – မှတ်စုစာအုပ်တွေကိုသင့်ကိုယ်ပိုင် Thoughts Data Bank လိုသဘောထားပြီး အမြဲဆောင်ထားဖို့ တိုက်တွန်းပြောကြားချင်ပါတယ်။ ပြီးတော့မှတ်စုစာအုပ်တစ်အုပ်က အရမ်းကြီးလည်းမလေးပါဘူး။ ဘယ်သွားသွားသယ်သွားဖို့လွယ်တာကြောင့် ဒါလေးသယ်ပြီး ကောင်းမွန်တဲ့အကျင့်လေးတစ်ခုပျိုးထောင်ဖို့ကို အပန်းမကြီးစေချင်ပါဘူး။

Piki (Akhayar)