အရွယ်မတိုင်ခင် ကြွေလွင့်သွားခဲ့ရပြန်တဲ့ ပရိုဖက်ရှင်နယ် အမျိုးသမီး LoL ကစားသမား REMILIA

Remilia ဆိုတာကတော့ LoL Championship Series (LCS) ပြိုင်ပွဲမှာ ပထမဆုံး ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိခဲ့တဲ့ ပရိုဖက်ရှင်နယ် အမျိုးသမီး LoL ကစားသမား တစ်ဦးပဲ ဖြစ်ပါတယ်။ သူမ အနေနဲ့ ၂၀၁၅ ခုနှစ်မှာ Renegades LoL အသင်းနဲ့အတူ LCS ပြိုင်ပွဲမှာ ပထမဆုံး ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိခဲ့တာပဲ ဖြစ်ပါတယ်။

ဒါ့အပြင် Remilia အနေနဲ့ Morgana, Thresh စတဲ့ Champions တွေကို ကျွမ်းကျင်စွာ ကိုင်တွယ်နိုင်တာကြောင့် ပရိုဖက်ရှင်နယ် ကစားသမား အများစုရဲ့ လေးစားမှုကို ခံယူနိုင်ခဲ့ပါတယ်။ Remilia အနေနဲ့ ပရိုဖက်ရှင်နယ် LoL ကစားသမား ဘဝကို ၂၀၁၃ ခုနှစ်မှာ Cures Academy အသင်းမှာ ဝင်ရောက် ကစားရင်း စတင်ခဲ့တာဖြစ်ပြီး ၂၀၁၅ ခုနှစ်မှာတော့ Renegades အသင်းကို ပြောင်းရွေ့ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အမျိုးသားတွေနဲ့ ရင်ဘောင်တန်း ကစားရာမှာ Remilia အပေါ် လိင်ပိုင်ဆိုင်ရာ နှိမ့်ချဆက်ဆံမှုတွေ၊ နှောင့်ယှက်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတကြောင့် အသင်းကနေ ထွက်ခွာကာ ပရိုဖက်ရှင်နယ် LoL ကစားသမား ဘဝကနေ ခေတ္တအနားယူသွားခဲ့ပါတယ်။

၂၀၁၆ နှစ်ကုန်ပိုင်းမှာတော့ Kaos Latin Gamers LoL အသင်းမှာ ဝင်ရောက်ကစားခဲ့ပြီး အဲဒီနောက်မှတော့ FlyQuest LoL အသင်းမှာ အရံကစားသမား အဖြစ် ပါဝင် ကစားခဲ့ပါတယ်။ Remilia အနေနဲ့ ပရိုဖက်ရှင်နယ် LoL ကစားသမားအဖြစ် အပြင် အားတဲ့အချိန်တွေမှာလည်း Twitch Platform ကနေ တစ်ဆင့် Streaming ပြုလုပ်လေ့ ရှိပါတယ်။

ပရိုဖက်ရှင်နယ် Streamer အဖြစ် ဘဝကို ဖြတ်သန်းလျက်ရှိတဲ့ Remilia အနေနဲ့ ဒီဇင်ဘာလ ၂၇ ရက်နေ့မှာ ဆုံးပါးသွားခဲ့ပြီ ဖြစ်တယ်လို့ သိရပါတယ်။ Remilia အနေနဲ့ အိပ်ပျော်နေစဉ် အသက် သေဆုံးသွားခဲ့တာဖြစ်ပြီး သေဆုံးခဲ့ရတဲ့ အကြောင်းအရင်းကိုတော့ လက်ရှိအချိန်ထိ သိရှိရခြင်း မရှိသေးပါဘူး။

အသက် သေဆုံးစဉ် အချိန်မှာ Remilia တစ်ယောက် အသက် (၂၄) နှစ်သာ ရှိသေးတာကြောင့် Esports လောက အတွက် တစ်ဖက်တစ်လှမ်းမှ အထောက်အကူပေးနေတဲ့ အမျိုးသမီး ကြယ်ပွင့်တစ်ဦးကို ဆုံးရှုံးလိုက်ရပြီ ဖြစ်ပါတယ်။

REF: OneEsports