Mid-Season Invitational ကျင်းပမယ့် နေ့ရက်ကို ရွေ့ဆိုင်းသွားမယ့် Riot Games

Mid-Season Invitational (MSI) ပြိုင်ပွဲဆိုတာကတော့ LoL လောကရဲ့ ဒုတိယ အကြီးမားဆုံး နိုင်ငံတကာ ပြိုင်ပွဲကြီး တစ်ခုပဲ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် Mid-Season Invitational ပြိုင်ပွဲကို ဒေသတွင်း Spring Split ပြိုင်ပွဲတွေ ကျင်းပြီးစီးပြီး သိပ်မကြာခင် အချိန်အတွင်းမှာ ကျင်းပသွားလေ့ ရှိပေမယ့် ယခုနှစ်မှာတော့ ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်ကြောင့် ပြိုင်ပွဲ ကျင်းပမယ့် နေ့ရက်ကို ရွေ့ဆိုင်းသွားမှာဖြစ်ကြောင်း Riot Games ဘက်က တရားဝင် ထုတ်ပြန် ကြေငြာသွားခဲ့ပြီ ဖြစ်ပါတယ်။

MIS 2020 ပြိုင်ပွဲ ကျင်းပသွားမယ့် နေ့ရက်နဲ့ နေရာကို နောက်ဆုတ် ကြေငြာသွားမှာဖြစ်ကြောင်းကို Riot Games ရဲ့ Global Head of Esports ဖြစ်သူ John Needham ကတော့ အခုလိုပဲ ပြောကြားသွားခဲ့ပါတယ်။
An Update on MSI 2020 from John Needham, Global Head of Esports pic.twitter.com/VdekcrEibU
— lolesports (@lolesports) February 26, 2020
“ကမ္ဘာတစ်ဝှမ်းမှာ ကိုရိုနာဗိုင်းရပ် ပျံ့နှံ့လျက် ရှိတာကြောင့် ကျွန်တော်တို့ မူလပထမက ကြိုတင် စီမံထားတဲ့ အစီအစဥ်တွေကို ပြောင်းလဲပစ်ဖို့ လိုအပ်လာခဲ့ပြီ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အနေနဲ့ MSI 2020 ကျင်းပသွားမယ့် အချိန်နဲ့ နေရာကို နောက်ဆုတ် ကြေငြာဖို့ ဆုံးဖြတ်ချက်ချလိုက်ပြီ ဖြစ်ပါတယ်။
ကစားသမားတွေ၊ ပရိသတ်တွေရဲ့ ကျန်းမာရေးပိုင်းဆိုင်ရာမှာ မလိုလားအပ်တဲ့ ဘေးထွက်ဆိုးကျိုးတွေ ခံစားရခြင်း မရှိစေဖို့ အတွက် အခုလို ဆုံးဖြတ်ချက်ကို ချမှတ်လိုက်ရတာ ဖြစ်တာကြောင့် အားလုံးပဲ နားလည်ပေးဖို့ မျှော်လင့်ပါတယ်။”

MIS ပြိုင်ပွဲကို နှစ်စဥ်နှစ်တိုင်း မေလ အစောပိုင်းမှာ ကျင်းပလေ့ ရှိပေမယ့် လက်ရှိအချိန်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူဦးရေ တဖြည်းဖြည်းနဲ့ ပိုမို များပြားလာခဲ့တာကြောင့် တရုတ်ဒေသတွင်း LoL ပြိုင်ပွဲဖြစ်တဲ့ LPL ပြိုင်ပွဲကို ရပ်နားထားရတဲ့ အထိ ဆိုးရွားတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း (WHO) ရဲ့ ထုတ်ပြန် ကြေငြာချက်များအရ လက်ရှိအချိန်မှာ ကမ္ဘာအနှံ့ ရောဂါပိုး ကူးစက်ခံရသူဦးရေ (၈) သောင်းခန့် အထိ မြင့်တက်လာခဲ့ပြီ ဖြစ်သလို သေဆုံးသူဦးရေလည်း (၂၆၀၀) ခန့် အထိ မြင့်တက်လို့ လာခဲ့ပြီ ဖြစ်ပါတယ်။
REF: VpEsports