Galatasary Esports ကို 2020 TCL Winter LoL ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ပြန်လည် ရုတ်သိမ်းလိုက်တဲ့ Riot Games

ပရိုဖက်ရှင်နယ် LoL အသင်း တစ်သင်းဖြစ်တဲ့ Galatasary Esports အနေနဲ့ အသင်း ကိုယ်စားပြု LoL အသင်းမှာ ဝင်ရောက် ကစားလျက်ရှိတဲ့ ကစားသမားတွေကို လစာများ ပေးချေခြင်း မရှိတာကြောင့် 2020 TCL Winter Split ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ကို ရုတ်သိမ်းခံလိုက်ရပြီ ဖြစ်ပါတယ်။

GBM

ယခု ဖြစ်ရပ်နဲ့ ပတ်သတ်ပြီး Galatasary Esports အသင်းမှာ ကစားလျက်ရှိတဲ့ Mid Lane ကစားသမား Lee “GBM” Chang Seok အနေနဲ့ စတင် ထုတ်ဖော် ပြောကြားခဲ့တာ ဖြစ်ပါတယ်။

“ကျွန်တော့်ကို အောက်တိုဘာ ပထမပတ် နောက်ဆုံးထားပြီး ပေးချေရမယ့် လစာငွေကို ပေးသွားမယ်လို့ ကတိပေးထားခဲ့ပါတယ်။ အဲဒီနောက်မှာလည်း တစ်ပတ်အတွင်း ပေးချေပါ့မယ်ဆိုပြီး ထပ်မံ လိမ်လည်ခဲ့ပါတယ်။ သူတို့တွေ ကျွန်တော်တို့ ကစားသမားတွေ အပေါ် လိမ်လည်ခဲ့တာ အခုဆိုရင် နှစ်လခန့် ကြာမြင့်သွားခဲ့ပြီ ဖြစ်ပါတယ်။ ပရိုဖက်ရှင်နယ် Esports ပြိုင်ပွဲတွေမှာ ဝင်ရောက် ယှဉ်ပြိုင်နေတဲ့ အသင်းကြီး တစ်သင်းက အခုလို လုပ်ရပ်ကို လုပ်လာလိမ့်မယ်လို့ ကျွန်တော် လုံးဝကို မထင်ထားခဲ့မိပါဘူး။”

Galatasary Esports အနေနဲ့ GBM အပြင် အသင်းရဲ့ အခြားသော ကစားသမားတွေဖြစ်တဲ့ Choi “Balkhan” Hyun Jin, Dan “GodBro” Van Vo, Baris “Tolerant” Cepnioglu တို့ကိုလည်း လစာငွေ‌ ပေးချေရန် ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။

BalKhan

အခုလို ကစားသမားတွေ အပေါ် လုပ်ခလစာငွေ ပေးချန်ရန် ကျန်ရှိနေတာကြောင့် Riot Games အနေနဲ့ Galatasary Esports ကို 2020 TCL Winter ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ကနေ ထုတ်ပယ်ခဲ့ရတာပဲ ဖြစ်ပါတယ်။ တကယ်လို့ ကစားသမားတွေ ကျေနပ်တဲ့ အထိ တောင်းပန်မှုတွေ ပြုလုပ်ပြီး၊ ပေးသင့်ပေးထိုက်တဲ့ လစာငွေကို ပြန်လည် ပေးအပ်ခဲ့မယ် ဆိုရင်တော့ Galatasary Esports အနေနဲ့ 2020 TCL Summer ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ကို ပြန်လည် ရရှိဖွယ် ရှိပါတယ်။

ယခုဖြစ်ရပ်နဲ့ ပတ်သတ်ပြီး Riot Games ဘက်ကတော့ အခုလိုပဲ ထုတ်ပြန်ကြေငြာသွားခဲ့ပါတယ်။

“ကျွန်တော်တို့ လေ့လာ စုံစမ်းချက်များအရ Galatasaray Esports အနေနဲ့ ပရိုဖက်ရှင်နယ် Esports အသင်း တစ်သင်း လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်ခဲ့ကြောင်း သိရှိခဲ့ရပါတယ်။ အခုလို ကစားသမားတွေနဲ့ နည်းပြတွေ အပေါ် လစာငွေ ပေးချေရန် နောက်ကျခဲ့တာကြောင့် Galatasary Esports ကို 2020 TCL Winter ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ကနေ ထုတ်ပယ်ခဲ့ရတာပဲ ဖြစ်ပါတယ်။

အခုလို ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ကနေ ခေတ္တ ရပ်ဆိုင်းခံထားရတဲ့ အချိန်မှာ Galatasary Esports အသင်းရဲ့ ကစားသမားတွေ၊ နည်းပြတွေ အနေနဲ့လည်း ကြိုက်နှစ်သက်ရာ အသင်းကို လွတ်လပ်စွာ ပြောင်းရွေ့နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် Galatasary Esports ကိုလည်း ကျန်ရှိနေတဲ့ လစာငွေကို ပေးချေသွားဖို့ အတွက် အပြင်းအထန် ဖိအားပေးသွားမှာ ဖြစ်ပါတယ်။”

REF: VpEsports