ပရိုကစားသမား ဘဝကနေ အနားယူသွားပြီဖြစ်တဲ့ နာမည်ကျော် LoL ကစားသမား Uzi

ကမ္ဘာ့အကောင်းဆုံး AD Carry ကစားသမားတွေ အထဲမှာ တစ်ဦး အပါအဝင် အဖြစ် ရပ်တည်နိုင်ခဲ့တဲ့ Jian “Uzi” Zi Hao ကတော့ ပရိုဖက်ရှင်နယ် LoL ကစားသမား ဘဝကနေ အနားယူသွားခဲ့ပြီ ဖြစ်ပါတယ်။ Uzi တစ်ယောက် အနားယူတော့မှာ ဖြစ်ကြောင်းကို လက်ရှိ ကစားနေတဲ့ RNG LoL အသင်းဘက်ကတော့ အခုလိုပဲ ကြေညာသွားခဲ့ပါတယ်။

“၈ နှစ်ကျော် LoL လောက အတွင်းမှာ ကျင်လည်ခဲ့တဲ့ Uzi တစ်ယောက် လက်ရှိအချိန်မှာ လက်ကောက်ဝတ်မှာ ဒဏ်ရာ အနာတရ ဖြစ်ပွားမှုတွေနဲ့ ရင်ဆိုင်ရလျက် ရှိပါတယ်။ အခုလို ဒဏ်ရာ ပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ရတာကြောင့် Uzi ကို ကျွန်တော်တို့ RNG LoL အသင်းဘက်က 2020 LPL Spring ပြိုင်ပွဲတစ်လျှောက် အနားပေးထားခဲ့ပေမယ့် သက်သာလာခြင်း မရှိတာကြောင့် Uzi အနေနဲ့ ကစားသမား ဘဝကနေ အနားယူဖို့ ဆုံးဖြတ်ခဲ့ရတာ ဖြစ်ပါတယ်။

အသင်းကနေ အနားယူသွားခဲ့ပြီ ဖြစ်ပေမယ့် Uzi အနေနဲ့ RNG Esports အဖွဲ့အစည်းရဲ့ မိသားစုဝင် အဖြစ် အမြဲတမ်း တည်ရှိနေမှာ ဖြစ်သလို Uzi တစ်ယောက် ဒဏ်ရာကနေ သက်သာလာစေဖို့ အတွက်လည်း ကျွန်တော်တို့ RNG အသင်းဘက်က အစွမ်းကုန် ကူညီပေးသွားမှာ ဖြစ်ပါတယ်။”

လက်ကောက်ဝတ် ဒဏ်ရာကြောင့် Uzi အနေနဲ့ RNG အသင်းရဲ့ ပွဲစဉ်တွေမှာ ပါဝင်နိုင်ခြင်း မရှိတဲ့ အချိန်မှာ Lu “Betty” Yu Hung ကို 2020 Spring Split ပြိုင်ပွဲ တစ်လျှောက် RNG အသင်းရဲ့ AD Carry အဖြစ် အသုံးပြုခဲ့ရပါတယ်။ ဒါပေမယ့်လည်း Uzi ပါဝင်နိုင်ခြင်း မရှိတာက RNG အသင်းရဲ့ စွမ်းဆောင်ရည် အပေါ် သိသိသာသာ အကျိုးသက်ရောက်မှု ရှိခဲ့ပြီး 2020 Spring Split ပြိုင်ပွဲမှာ RNG အသင်း အနေနဲ့ အဆင့် (၇) နေရာဖြင့်သာ ကျေနပ်ခဲ့ရပါတယ်။

လက်ရှိအချိန်မှာ ဒဏ်ရာ ပြဿနာများကြောင့် ကစားသမား ဘဝကနေ အနားယူသွားခဲ့ပြီ ဖြစ်ပေမယ့်လည်း Uzi ကတော့ ကမ္ဘာ့အကောင်းဆုံး LoL ကစားသမားတွေ အထဲမှာ တစ်ဦး အပါအဝင် အဖြစ် LoL ချစ်ပရိသတ်တွေရဲ့ နှလုံးသားထဲမှာ အမြဲတမ်း ဆက်လက် တည်ရှိနေဦးမှာ အသေအချာပဲ ဖြစ်ပါတယ်။

REF: VpEsports