လုပ်ပွဲကစားမှုကြောင့် အသင်းရဲ့ Jungle ကစားသမား WeiYan ကို ထုတ်ပယ်ခဲ့တဲ့ LoL အသင်း Rogue Warriors

တရုတ်နိုင်ငံ အခြေစိုက် ပရိုဖက်ရှင်နယ် အသင်း Rogue Warriors အနေနဲ့ အသင်းရဲ့ Jungle ကစားသမားဖြစ်သူ Wang “WeiYan” Xiang ကို လုပ်ပွဲကစားရန် ကြံစည်မှုဖြင့် အသင်းကနေ ထုတ်ပယ်လိုက်ပြီဖြစ်ကြောင်း တရားဝင် ကြေညာသွားခဲ့ပြီ ဖြစ်ပါတယ်။

WeiYan

လက်ရှိအချိန်မှာ ထွက်ပေါ်လာတဲ့ သတင်း အချက်အလက်များအရ WeiYan အနေနဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းက ယှဉ်ပြိုင်ခဲ့ရတဲ့ Victory 5 နဲ့ ပွဲစဉ်မှာ လုပ်ပွဲကစားရန် ကြံစည်ခဲ့သလို မတ်လ (၂၆) ရက်နေ့၊ ကြာသပတေးနေ့မှာ ယှဉ်ပြိုင်သွားရမယ့် Dominus Esports နဲ့ ပွဲစဉ်မှာလည်း လုပ်ပွဲကစားရန် အတွက် ကြိုတင် ကြံစည်မှုတွေ ပြုလုပ်ခဲ့ကြောင်း ရှာဖွေ တွေ့ရှိခဲ့တာကြောင့် အသင်းကနေ ထုတ်ပယ်ခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။

အခုလို WeiYan ကို အသင်းကနေ ထုတ်ပယ်လိုက်တာကြောင့် LPL ပြိုင်ပွဲဝင် Rogue Warriors LoL အသင်းမှာ Jungle ကစားသမား အဖြစ် Chen “Haro” Wen Lin တစ်ဦးသာ ကျန်ရှိတော့မှာ ဖြစ်ပါတယ်။ Rouge Warrior Esports အဖွဲ့အစည်း အနေနဲ့ အသင်းသားတွေ လုပ်ပွဲကစားဖို့ ကြံစည်ခဲ့တာနဲ့ ရင်ဆိုင်ခဲ့ရခြင်းက ယခုတစ်ကြိမ်က ပထမဆုံး အကြိမ်တော့ မဟုတ်ခဲ့ပါဘူး။

Rogue Warriors (LoL)

ပြီးခဲ့တဲ့နှစ် ဧပြီလကလည်း LDL ပြိုင်ပွဲဝင် Rogue Warriors Shark LoL အသင်းရဲ့ ကစားသမားတွေ ဖြစ်ကြတဲ့ Jie “Caocao” Ren, Kangjian “Zhanzhao” Liao နဲ့ Zhahhong “FengXiang” Liu တို့ အနေနဲ့ လုပ်ပွဲကစားရန် ကြံစည်ခဲ့တာကြောင့် အသင်းကနေ ထုတ်ပယ်ခံခဲ့ရသလို LoL ပြိုင်ပွဲတွေမှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ကနေလည်း (၁၈) လ ပိတ်သိမ်းခံခဲ့ရပါတယ်။

Rogue Warriors LoL အသင်း အနေနဲ့ ပြီးခဲ့တဲ့နှစ် LPL Spring ပြိုင်ပွဲမှာ အဆင့် ၁၅၊ LPL Summer ပြိုင်ပွဲမှာ အဆင့် ၁၃ စတဲ့ နေရာဖြင့်သာ ကျေနပ်ခဲ့ရသလို လက်ရှိအချိန်မှာ ကျင်းပလျက်ရှိတဲ့ LPL Spring Split 2020 ပြိုင်ပွဲမှာလည်း ၃ ပွဲနိုင် ၅ ပွဲရှုံး ရလဒ်ဖြင့် အဆင့် ၁၂ နေရာမှာသာ ရပ်တည်ရလျက် ရှိတာကြောင့် အခုလို အသင်းရဲ့ အဓိက ကစားသမား တစ်ဦးဖြစ်သူ WeiYan ကို အသင်းကနေ ထပ်မံ ထုတ်ပယ်လိုက်ရခြင်းကြောင့် ရလဒ်ပိုင်းမှာ ပိုမို ဆိုးရွားမှုတွေနဲ့ ရင်ဆိုင်သွားရဖွယ် ရှိပါတယ်။

REF: VpEsports