MPL-ID Season 5 ပြိုင်ပွဲမှာ အနိုင်ရဗိုလ်စွဲခဲ့တဲ့ MLBB အသင်း RRQ.Hoshi

RRQ Hoshi အနေနဲ့ ပြိုင်ဘက်ဟောင်းလည်းဖြစ်၊ အင်ဒိုနီးရှားနိုင်ငံ အခြေစိုက် နာမည်ကျော် MLBB အသင်းလည်းဖြစ်တဲ့ EVOS Lengends ကို အနိုင်ယူပြီး MPL-ID Season 5 ပြိုင်ပွဲကြီးရဲ့ ချန်ပီယံဆုကို ထိုက်ထိုက်တန်တန် သိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

RRQ Hoshi အနေနဲ့ MPL-ID Season 5 ပြိုင်ပွဲရဲ့ အုပ်စုအဆင့် ပွဲစဉ်တွေမှာကတည်းက ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့သလို ၁၁ ပွဲနိုင်၊ ၃ ပွဲရှုံး ရလဒ်ဖြင့် Bigetron Alpha အသင်းနဲ့အတူ အုပ်စု ပထမနေရာကို ပူးတွဲ ရယူကာ Playoff အဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။

Playoff အဆင့်မှာလည်း RRQ Hoshi အနေနဲ့ Onic Esports ကို နှစ်ပွဲပြတ်၊ Evos Legends ကို (၂-၁) စတဲ့ ရလဒ်တွေဖြင့် ထပ်မံ အနိုင်ယူနိုင်ခဲ့တာကြောင့် Grand Final အဆင့်ကို စောစီးစွာ တက်လှမ်းနိုင်ခဲ့ပါတယ်။ Evos Legends အနေနဲ့ RRQ Hoshi ကို ရှုံးနိမ့်ခဲ့တာကြောင့် Lower Bracket ကို သက်ဆင်း ပေးခဲ့ရပေမယ့်လည်း Onice Esports ကို ပြန်လည် အနိုင်ယူနိုင်ခဲ့တာကြောင့် Grand Final အဆင့်ကို ပြန်လည် တက်လှမ်းနိုင်ခဲ့ပါတယ်။

Evos Legends အနေနဲ့ M1 World Championship ပြိုင်ပွဲအပြင် MPL-ID Season 4 ပြိုင်ပွဲမှာပါ RRQ Hoshi ကို အနိုင်ယူပြီး ချန်ပီယံဆုတွေကို သိမ်းပိုက်နိုင်ခဲ့ပေမယ့်လည်း RRQ Hoshi အနေနဲ့ MPL-ID Season 5 Grand Final မှာတော့ ပြန်လည် လက်စားချေနိုင်မယ့် အခွင့်အရေး တစ်ခုကို ပိုင်ပိုင်နိုင်နိုင် အသုံးချနိုင်ခဲ့ပါတယ်။

MPL-ID Season 5 Grand Final ပြိုင်ပွဲကို Best of 5 Format ဖြင့် ကျင်းပခဲ့တာဖြစ်ပြီး နာမည်ကျော် အသင်းနှစ်သင်း ယှဉ်ပြိုင်ခဲ့တဲ့ ပွဲစဉ်တစ်ခုဖြစ်တာနဲ့အညီ အဆိုပါ Grand Final ပြိုင်ပွဲကို ပရိသတ် ၁ သန်းကျော် အွန်လိုင်းကနေ တစ်ဆင့် အားပေးခဲ့ကြပါတယ်။

အင်အားကြီး MLBB အသင်း နှစ်သင်း ယှဉ်ပြိုင်ကျတဲ့ ပွဲစဉ်တစ်ခုဖြစ်တာနဲ့အညီ MPL-ID Season 5 Grand Final ပြိုင်ပွဲဟာ ပွဲငယ် လေးပွဲ ပြီးမြောက်တဲ့ အထိ အရှုံးအနိုင်ရလဒ် ထွက်ပေါ်ခဲ့ခြင်း မရှိခဲ့ပေမယ့် နောက်ဆုံးပိတ် ပွဲစဉ်မှာ RRQ Hoshi အနေနဲ့ Evos Legends ကို တစ်ဖက်သတ် အနိုင်ယူနိုင်ခဲ့တာကြောင့် MPL-ID Season 5 ပြိုင်ပွဲရဲ့ ချန်ပီယံဆုကို ထိုက်ထိုက်တန်တန်ပဲ စွတ်ခူးနိုင်ခဲ့ပါတယ်။

RRQ Hoshi အနေနဲ့ MPL Season 2 မှာ ပထမဆုကို ရယူနိုင်ခဲ့သလို အခုလို MPL-ID Season 5 ပြိုင်ပွဲမှာလည်း ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့တာကြောင့် MPL Indonesia ပြိုင်ပွဲဝင် MLBB အသင်းတွေ အထဲမှာ ပထမဆုံး ချန်ပီယံဆုကို နှစ်ကြိမ်တိတိ သိမ်းပိုက်နိုင်ခဲ့တဲ့ MLBB အသင်း အဖြစ်လည်း မှတ်တမ်းတင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

REF: AfkGaming