PSG.LGD Dota 2 အသင်းကနေ ထွက်ခွာသွားဖွယ်ရှိတဲ့ နာမည်ကျော် Pos 4 ကစားသမား Fy

The International 2018 ပြိုင်ပွဲမှာ ဒုတိယ၊ The International 2019 ပြိုင်ပွဲမှာ တတိယစတဲ့ အောင်မြင်မှုတွေ အပြင် ပြိုင်ပွဲပေါင်း များစွာမှာ ချန်ပီယံဆုတွေ သိမ်းပိုက်နိုင်ခဲ့တဲ့ PSG.LGD Dota 2 အသင်း အနေနဲ့ 2019-2020 DPC ရာသီမှာတော့ ကျရှုံးမှုတွေနဲ့ ဆက်တိုက် ဆိုသလို ရင်ဆိုင်ခဲ့ရပါတယ်။

2019-2020 DPC ရာသီရဲ့ ဒုတိယမြောက် Major လက်ရည်စစ်ပွဲမှာ Open Qualifier အဆင့်နဲ့သာ ကျေနပ်ခဲ့ရသလို တတိယမြောက် Major လက်ရည်စစ်ပွဲမှာလည်း Open Qualifier အဆင့်နဲ့သာ ထပ်မံ ကျေနပ်ခဲ့ရတဲ့ PSG.LGD Dota 2 အသင်း အနေနဲ့ နောက်ထပ် ကံဆိုးမှု တစ်ခုနဲ့ ထပ်မံ ရင်ဆိုင်သွားရဖွယ် ရှိပါတယ်။

တရုတ်နိုင်ငံ အခြေစိုက် ပရိုဖက်ရှင်နယ် Dota 2 ကစားသမား Sun “Agressif” Zheng အနေနဲ့ Streaming Session တစ်ခုမှာ PSG.LGD Dota 2 အသင်း အနေနဲ့ Pos 4 ကစားသမား တစ်ဦးကို ရှာဖွေနေပြီဖြစ်ကြောင်း၊ Fy အနေနဲ့ PSG.LGD ကနေ ထွက်ခွာသွားပြီဖြစ်ကြောင်း မတော်တဆ ပြောကြားခဲ့မိပါတယ်။

ဒါ့အပြင် လက်ရှိအချိန်မှာ ထပ်မံ ထွက်ပေါ်လာတဲ့ ကောလာဟလများ အရ Fy အနေနဲ့ PSG.LGD Dota 2 အသင်းကနေ ထွက်ခွာသွားတာ မဟုတ်ဘဲ Pos 1 ကစားသမား အဖြစ် ပြောင်းလဲကစားသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ Fy အနေနဲ့ Dota 2 ကစားသမား ဘဝကို စတင် ခံယူခဲ့စဥ် အချိန်ကတည်းက Pos 4 တစ်မျိုးတည်းကိုသာ စွဲစွဲမြဲမြဲ ကစားခဲ့တာကြောင့် Pos 1 ကစားသမား ဘဝကို ပြောင်းလဲ ခံယူသွားမယ် ဆိုတာက သိပ်တော့ ဖြစ်နိုင်ခြေ မရှိပါဘူး။

မကြာသေးခင် အချိန်က ကျင်းပပြီးစီးသွားခဲ့တဲ့ ESL One Los Angeles Major လက်ရည်စစ်ပွဲတွေ မစတင်ခင် အချိန်မှာ PSG.LGD Dota 2 အသင်း အနေနဲ့ Carry ကစားသမားဖြစ်သူ Ame ကို CDEC Dota 2 အသင်းကို ပြောင်းရွေ့ခွင့် ပေးခဲ့ပြီး CDEC Dota 2 အသင်းရဲ့ Carry ကစားသမား Ahjit ကို ပြန်လည် ခေါ်ယူခဲ့ပါတယ်။

Ahjit

Ahjit ကို ခေါ်ယူပြီး ၅ ရက်ခန့် အကြာမှာပဲ အသင်းကနေ ပြန်လည် ထုတ်ပယ်ခဲ့ပြီး Revive Dota 2 အသင်းရဲ့ ကစားသမားဖြစ်သူ ASD ကို ထပ်မံ ခေါ်ယူခဲ့ပါတယ်။ အခုလို ကစားသမား အပြောင်းအလဲတွေ ဆက်တိုက် ဆိုသလို ပြုလုပ်ခဲ့ပေမယ့် PSG.LGD Dota 2 အသင်း အနေနဲ့ ESL One LA Major လက်ရည်စစ်ပွဲမှာ အောင်မြင်ခြင်း မရှိခဲ့ပါဘူး။

Fy

လက်ရှိအချိန်မှာ PSG.LGD Dota 2 အသင်း အနေနဲ့ Fy တစ်ယောက် အသင်းကနေ ထွက်ခွာသွားခြင်း ရှိမရှိကို တရားဝင် ထုတ်ပြန် ကြေငြာခြင်း မရှိသေးတာကြောင့် LA Major ပြီးဆုံးစဥ် အချိန်မှသာ PSG.LGD Dota 2 အသင်းရဲ့ ကစားသမား အပြောင်းအလဲတွေကို ထပ်မံ မြင်တွေ့သွားရဖွယ် ရှိပါတယ်။

REF: VpEsports