Tier 1 Dota2 အသင်း အဖြစ် ရပ်တည်နိုင်ခြင်း မရှိသေးကြောင်း ဝန်ခံသွားခဲ့တဲ့ VP.Save

လူငယ်တွေနဲ့ ပြန်လည် ဖွဲ့စည်းထားတဲ့ Virtus Pro Dota2 အသင်းရဲ့ ကပ္ပတိန်ဖြစ်သူ Vitalie “Save” Melnic ကတော့ အဖွဲ့အစည်းက ပြုလုပ်တဲ့ အင်တာဗျူး အစီအစဉ်မှာ Tier1 အသင်း အဖြစ် ရပ်တည် သွားနိုင်ဖို့ ကြိုးစားသွားမှာဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။

EPIC League ပြိုင်ပွဲမှာ ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့သလို အခြားသော ပြိုင်ပွဲတွေမှာလည်း ရလဒ်ကောင်းတွေကို ပိုင်ဆိုင်ခဲ့ပေမယ့် Save ကတော့ အသင်းရဲ့ အခြေအနေနဲ့ ပက်သက်ပြီး ကျေနပ်နိုင်ခြင်း မရှိသေးတဲ့ ပုံပါပဲ။ အသင်းသားတွေ အနေနဲ့ ဆက်လက် ကြိုးစားသွားဖို့ လိုအပ်ကြောင်း၊ LAN ပြိုင်ပွဲတွေ ပြန်လည် စတင်ချိန်မှာ ရလဒ်ကောင်းတွေ ဖော်ဆောင်သွားနိုင်ဖို့ ကြိုးပမ်းသွားမှာဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။

“ကျွန်တော်တို့ VP Dota2 အဖွဲ့သားတွေ အားလုံးရဲ့ ရည်မှန်းချက်က တစ်ခုတည်းပါပဲ။ အဲဒါကတော့ Tier 1 အသင်း အဖြစ် ရပ်တည်သွားဖို့ပါပဲ။ Tier 1 အသင်း အဖြစ် ရပ်တည်နိုင်ဖို့ဆိုရင် LAN ပြိုင်ပွဲ အတွေ့အကြုံတွေ အများအပြား ရယူသွားဖို့ လိုအပ်သလို ပြိုင်ပွဲအများစုမှာ ဝင်ရောက် ယှဉ်ပြိုင်သွားဖို့လည်း လိုအပ်ပါတယ်။

နောက်ပြီးတော့ ကျွန်တော်တို့ ကစားသမားတွေ အားလုံး ဆက်လက် တိုးတက်အောင် လုပ်ဆောင်သွားဖို့ လိုအပ်တဲ့ အချက်လေးတွေ ရှိသေးတယ်လို့လည်း ထင်မြင်မိပါတယ်။ ကျွန်တော်တို့ မျှော်မှန်းထားတဲ့ ရည်မှန်းချက်တွေ အားလုံးကို အကောင်အထည် ဖော်နိုင်မှသာ Tier 1 အသင်း အဖြစ် ရပ်တည်နိုင်မယ်လို့လည်း ယုံကြည်မိပါတယ်။”

ဒါ့အပြင် Save အနေနဲ့ အသင်းအတွင်း ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းများကိုလည်း အခုလိုပဲ ပြောပြသွားခဲ့ပါတယ်။

“ပြိုင်ပွဲတစ်ပွဲ မကစားခင် ဒါမှမဟုတ် Scrim တစ်ပွဲ မကစားခင်မှာ Pub Game အနည်းဆုံး တစ်ပွဲ မကစားခဲ့ဘူးဆိုရင် အဆိုပါ ကစားသမား အနေနဲ့ ဒဏ်ကြေး ပေးဆောင်ရမှာ ဖြစ်ပါတယ်။ သွေးပူ လေ့ကျင့်ခန်းဆိုတာ ဘယ်အားကစားနည်းအတွက်မဆို မရှိမဖြစ် လိုအပ်ပါတယ်။ တကယ်လို့ Pub Game မကစားဘဲ ပြိုင်ပွဲမှာ၊ Scrim မှာ ဝင်ရောက် ကစားခဲ့ပြီး အလွဲလွဲအချော်ချော်တွေ ဖြစ်နေမယ်ဆိုရင် အသင်း အတွက်ရော ကစားသမားအတွက်ပါ ဆိုးကျိုးတွေ ဖြစ်ပေါ်စေနိုင်တာကြောင့် အခုလို ဒဏ်ကြေးစနစ်ကို အသုံးပြုဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

နောက်ပြီးတော့ Bootcamp မှာ ရှိနေစဉ် ကာလတွေမှာ တစ်နေ့ကို အနည်းဆုံး Pub Game ၆ ပွဲ ကစားဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ အဆိုပါ စည်းမျဉ်းစည်းကမ်းကို ဖောက်ဖျက်ခဲ့မယ် ဆိုရင်လည်း ဒဏ်ကြေး ပေးဆောင်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် မနက်ခင်း လေးနာရီ နောက်ပိုင်းတွေမှာ အော်ဟစ်လေ့ရှိတဲ့ ကစားသမားတွေ အနေနဲ့လည်း ဒဏ်ကြေး ပေးဆောင်သွားရမှာ ဖြစ်ပါတယ်။ ဒီစည်းကမ်းကတော့ ကျွန်တော်နဲ့ Epileptick1d အတွက် အဓိက ပြဌာန်းထားတဲ့ စည်းမျဉ်း တစ်ခုပဲ ဖြစ်ပါတယ်။ အခြား ကစားသမားတွေ အနေနဲ့ စောစော အိပ်ယာဝင်လေ့ ရှိပေမယ့် ကျွန်တော်နဲ့ Epileptick1d ကတော့ မိုးလင်းခါနီး အချိန်ထိ သောင်းကျန်းနေလေ့ ရှိလို့ပါပဲ။

စည်းကမ်း ဖောက်ဖျက်လို့ ပေးဆောင်ရာကနေ တစ်ဆင့် ရရှိလာတဲ့ ဒဏ်ကြေးငွေကို ကျွန်တော်တို့ ကိုယ်ကျိုး အတွက် အသုံးပြုသွားမှာ မဟုတ်ပါဘူး။ ဒဏ်ကြေးငွေတွေကို စုထားပြီး ပရိဟိတအဖွဲ့အစည်း တစ်ခုခုမှာ ပြန်လည် လှူဒါန်းသွားမှာ ဖြစ်ပါတယ်။”

REF: AfkGaming, VpEsports