ပြာပန်းခတ်နေတဲ့ခေတ်ကြီးမှာ Self-Care လုပ်ဖို့ ဘာလို့လိုအပ်တာလဲ

ဒီနေ့ခေတ်ကြီးလို လူဦးရေတွေများ ၊ အလုပ်အကိုင်တွေများနဲ့ ဘယ်သူ့ကြည့်ကြည့်အေးချမ်းတယ်ဆိုတာကို မမြင်ရတော့တဲ့အချိန်မှာ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်နိုင်ဖို့ဆိုတာကလည်း ခက်ခဲလာပါတယ်။ အထူးသဖြင့် ဒီနောက်ပိုင်းမှာ အရင်ကလိုမျိုး မိသားစုတစ်စုမှာ တစ်ယောက်ကအလုပ်လုပ်ရုံနဲ့ တစ်မိသားစုလုံး စားလောက်တယ်ဆိုတာ အရမ်းရှားလာပါပြီ။ မိသားစုတစ်စုစားလောက်ဖို့ တစ်မိသားစုလုံးလိုလို ထွက်ပြီးရှာနေရတော့ ကိုယ့်ကိုအချိန်ပြည့်ဂရုစိုက်ပေးနိုင်မယ့်သူလည်း မရှိတော့သလို ကိုယ့်ကိုယ်ကိုယ်လည်း ဂရုမစိုက်နိုင်တော့ပါဘူး။ ဒါကြောင့် Self-Care လုပ်ဖို့ အရမ်းကိုအရေးကြီးပါတယ်။ ကိုယ်ကျန်းမာမှ ကိုယ့်မိသားစုအတွက်လည်း အဆင်ပြေမှာဖြစ်ပါတယ်။

Self-Care လို့ပြောတဲ့အခါမှာ အမျိုးအစားတွေ အများကြီးရှိပါတယ်။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်တယ်ဆိုတာ အခြေအနေအမျိုးမျိုး ထောင့်ပေါင်းစုံကနေ ဂရုစိုက်လို့ရပါတယ်။ ဥပမာပြောရရင် Self-Care လုပ်တဲ့အခါမှာ Physical ၊ Emotional ၊ Personal၊ Financial ဆိုပြီး အများကြီးရှိတယ်။ ဒီတော့ ကျွန်မတို့အနေနဲ့ ဘယ်သူ့ကိုမှ အပူအပန်မပေးဘဲ ကိုယ့်ကိုယ်ကို ဂရုစိုက်နိုင်တဲ့နည်းတွေက –

Physical Care
ကိုယ်ရဲ့ကိုယ်ခန္ဓာကို ဂရုစိုက်တာကလည်း Self-Care တစ်မျိုးပါပဲ။ ကိုယ်ခန္ဓာကို ဂရုစိုက်တဲ့အခါမှာ အိပ်ရေးဝဝအိပ်ရမယ်။ လူတစ်ယောက်အတွက် အိပ်ရေးဝဖို့က အရမ်းကိုအရေးကြီးပါတယ်။ တစ်နေ့မှာအနည်းဆုံး ၈ နာရီလောက်အိပ်ရမယ်ဆိုတာကလည်း လူတိုင်းသိတဲ့အရာပဲလေ။ ဒါပေမယ့် အခုလိုအလုပ်ကိုရုန်းကန်ပြီး လုပ်နေရတဲ့အချိန်မှာ အိပ်ချိန်တွေနည်းကြတာကလည်း သဘာဝကိုဖြစ်နေတာကိုး။ အိပ်တာအပြင် အကြောဆန့်တာ ၊ လမ်းလေ ျှာက်တာတွေလည်း လေ့ကျင့်ခန်းအဖြစ်လုပ်သင့်ပါတယ်။ နောက်ပြီး Physical ပိုင်းမှာ ဂရုစိုက်ရမယ့် အရေးကြီးတဲ့အရာက ကျန်းမာရေးနဲ့သင့်တော်တဲ့ အစားအစာတွေကို စားသောက်ဖို့ပါ။ ဒီနောက်ပိုင်းမှာ Instant Food တွေလည်း အရမ်းများလာတယ်။ အစားအသောက်တွေကလည်း Chemical တွေနဲ့ ရောစပ်ပြီး စီးပွားရေးအတွက် အမြတ်ထုတ်လာကြလို့ ကိုယ့်ကျန်းမာရေးအတွက် ကိုယ်ကပဲအစာစားကို ထိန်းထိန်းသိမ်းသိမ်းနေရပါမယ်။

Emotional Care
Self-Care လုပ်တဲ့အခါမှာ အပြင်ပန်းကိုပဲလုပ်နေလို့ မပြီးသွားပါဘူး။ အပြင်ရောအတွင်းပါ ဂရုစိုက်ရမှာမို့လို့ စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေကိုလည်း ဂရုတစိုက်ထားဖို့လိုပါတယ်။ Emotional Care လုပ်တဲ့အခါမှာ Stress တွေကို လူကိုလွှမ်းမိုးပြီး ဒုက္ခပေးလောက်တဲ့အထိ မဖြစ်အောင် ထိန်းသိမ်းတာမျိုး ၊ ကိုယ့်ကိုယ်ကိုယ်ရင့်ကျတ်အောင် လေ့ကျင်တာမျိုး ၊ ခွင့်လွှတ်တတ်တဲ့ စိတ်ထားမျိုးကိုပျိုးထောင်တာမျိုး ၊ လူမျိုးရေးတွေမခွဲခြားဘဲ လူတိုင်းအပေါ် မေတ္တာထားတတ်တဲ့စိတ်မျိုး မွေးမြူတာတွေ၊ ကြင်နာတတ်တာတွေ ပါပါတယ်။ ဒီအရာတွေကို ဂရုတစိုက်နဲ့ ထိန်းသိမ်းနိုင်မယ်ဆိုရင် ကိုယ့်ရဲ့ Emotional Care ကို လုပ်ဆောင်နေတာနဲ့ အတူတူပါပဲ။

Personal Care
Personal Care ဆိုတာမျိုးက ကိုယ့်အတွက်ကိုယ် အကျိုးရှိအောင် ဂရုစိုက်ခြင်းမျိုးပေါ့။ ပြောရရင် ကိုယ့်ရဲ့ဝါသနာကို ပျိုးထောင်တာ ၊ ကိုယ်ဘယ်လိုလူစားမျိုးဖြစ်တယ်ဆိုတာသိအောင်လုပ်တာ ၊ ကိုယ့်ရဲ့ပျော်ရွှင်မှုအတွက် ကိုယ်ရှာဖွေတာ ၊ ကိုယ်ကဘယ်လိုလူစားမျိုးဖြစ်ဖြစ် ၊ ကိုယ်ရဲ့ Gender Identity က ဘာကြီးဖြစ်နေနေ ၊ ကိုယ့်ရဲ့ဖြစ်တည်မှုကို ဂုဏ်ယူတတ်အောင် နေထိုင်တာတွေက Personal Care တွေပဲဖြစ်ပါတယ်။ Self-Care တွေထဲမှာ Personal Care ကိုလည်း သတိထားသင့်ပါတယ်။ ဘာလို့လဲဆိုတော့ Personal Care ကိုလုပ်ဖို့အတွက် လူတွေကမေ့နေကြပြီး နောက်ဆုံးမှာ မပျော်မရွှင်နဲ့ အသက်ရှင်နေထိုင်ရတာကြောင့်ပါ။

Financial Care
ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်တဲ့အခါမှာ ရုပ်ပိုင်းဆိုင်ရာတွေရော ၊ စိတ်ပိုင်းဆိုင်ရာတွေကိုပါ ဘယ်လောက်အလေးပေးပြီး ဂရုစိုက်နေပါစေ ၊ ကိုယ့်ရဲ့ငွေရေးကြေးရေးပိုင်းမှာ ချို့ယွင်းချက်တွေရှိနေရင် အဲဒီအရာတွေကအလကားပါပဲ။ ပိုက်ဆံကနေရာတိုင်းမှာ သူ့နေရာနဲ့သူအရေးပါတာကြောင့်မို့လို့ ကိုယ့်ရဲ့ငွေရေးကြေးရေးအဆင်ပြေအောင် ပိုက်ဆံတွေစုထားတာ ၊ Budget လုပ်ပြီးသုံးတာတွေဘာတွေ လုပ်သင့်ပါတယ်။

နောက်ဆုံးအနေနဲ့ ပြောချင်တာက Work Care ပါပဲ။

Work Care
အစကပြောခဲ့တဲ့အတိုင်း လူတိုင်းလိုလိုက အလုပ်နဲ့ကင်းပြီးနေနိုင်တာမဟုတ်တော့။ အလုပ်ကလူကိုပိုပြီး ပင်ပန်းတာမျိုး မဖြစ်စေရအောင် Work Care လည်းလုပ်ဖို့ လိုပါတယ်။ အဲဒီမှာဘယ်လိုလုပ်မလဲဆိုတော့ အလုပ်ကို Time Management နဲ့ လုပ်တာ ၊ အလုပ်လုပ်နေရရင်တောင် တစ်ထောင့်တစ်နေရာကနေ လေ့လာသင်နေယူနေတာ ၊ အလုပ်လုပ်ရင်လည်း ဆက်တိုက်ကြီးမလုပ်ဘဲ လူကိုအနားပေးတာတွေ လုပ်သင့်ပါတယ်။

Self-Care က လုပ်ချင်ရင် နေရာကဏ္ဍတော်တော်များများကနေ လုပ်လို့ရပါတယ်။ အဓိကဖြစ်တာက ကိုယ့်အတွက်အကျိုးအရှိဆုံးဖြစ်မယ့်အရာတွေကို အလေးပေးပြီး ဂရုစိုက်နေတာက အကောင်းဆုံးပါပဲ။ ဒါကြောင့်မို့လို့ အခက်အခဲတွေ ဘယ်လောက်များနေပါစေ ၊ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့မမေ့ပါနဲ့လို့ ပြောချင်ပါတယ်။

Piki (Akhayar)

Photo Credit - Pinterest