အိမ်ကွင်း ပွဲစဥ်တွေက ရရှိတဲ့ ဝင်ငွေကို ကိုရိုနာ ဗိုင်းရပ်စ်သင့် ပြည်သူတွေကို လှူဒါန်းသွားမယ့် Overwatch အသင်း Seoul Dynasty

Overwatch League ပြိုင်ပွဲမှာ ဝင်ရောက် ယှဥ်ပြိုင်လျက်ရှိတဲ့ ပရိုဖက်ရှင်နယ် Overwatch အသင်း Seoul Dynasty အနေနဲ့ မတ်လအတွင်းမှာ ကျင်းပသွားမယ့် အိမ်ကွင်း ပွဲစဥ်တွေကနေ တစ်ဆင့် ရရှိတဲ့ ဝင်ငွေတွေ၊ In-Game Skin ရောင်းရငွေတွေ၊ လက်ဆောင်ပစ္စည်း ရောင်းရငွေတွေ အားလုံးကို ကိုရိုနာ ဗိုင်းရပ်စ်သင့် ပြည်သူတွေ အတွက် လှူဒါန်းသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ကိုရိုနာ ဗိုင်းရပ်စ်သင့် ပြည်သူတွေကို လှူဒါန်းဖြစ်သွားရခြင်းရဲ့ အကြောင်းအရင်းနဲ့ ပတ်သတ်ပြီး Seoul Dynasty Overwatch အသင်းရဲ့ COO ဖြစ်သူ Arnold Hur ကတော့ အခုလိုပဲ ပြောကြားသွားခဲ့ပါတယ်။
서울 다이너스티와 젠지 이스포츠는 코로나19로 인한 전 세계적 사태에 대한 심각성을 통감하고 있습니다.
— Seoul Dynasty 🐯 (@SeoulDynasty) February 19, 2020
힘든 상황일수록 서로 돕는 건강한 사회, 이스포츠 문화를 만드는 데 힘이 될 수 있도록 손길을 이어나가겠습니다.#TigerNation #coronavirus #COVID19 #코로나19 pic.twitter.com/fJfUOsq0RZ
“Esports အသိုင်းအဝိုင်းရဲ့ ကြီးကျယ်ခမ်းနားမှုတွေကို ကျွန်တော်တို့တွေ အရင်အချိန်တွေကတည်းက မြင်တွေ့ခဲ့ရတယ်။ ဒါ့အပြင် ကမ္ဘာသားတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲကို ကျွန်တော်တို့ အဖွဲ့အစည်းရဲ့ အခက်အခဲ အဖြစ်လည်း ခံယူထားတာကြောင့် ကျွန်တော်တို့ တတ်နိုင်သမျှ အကူအညီ ပေးသွားဖို့ အခုလို ဆုံးဖြတ်ခဲ့ရတာပဲ ဖြစ်ပါတယ်။
ကျွန်တော်တို့ရဲ့ လှူဒါန်းငွေက ယခု ဖြစ်ရပ်ဆိုးနဲ့ နှိုင်းယှဥ်ကြည့်မယ်ဆိုရင် အနည်းငယ်သာ အထောက်အကူ ဖြစ်စေမှာ ဖြစ်ပေမယ့်လည်း ကျွန်တော်တို့ အဖွဲ့အစည်းရဲ့ လုပ်ရပ်ကြောင့် အခြားသော အဖွဲ့အစည်းတွေလည်း တတ်စွမ်းသမျှ ပါဝင် ကူညီလာခဲ့မယ်ဆိုရင် ဗိုင်းရပ်စ်သင့် ပြည်သူတွေ အတွက် များစွာသော အကျိုးကျေးဇူးကို ရရှိစေမှာ ဖြစ်တာကြောင့် ကူညီဖို့ အတွက် ဆုံးဖြတ်ခဲ့ရတာ ဖြစ်ပါတယ်။”

လက်ရှိအချိန်မှာ ကမ္ဘာအနှံ့ ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုကြောင့် ခရီးသွားလုပ်ငန်းတွေကို ရပ်ဆိုင်းထားရသလို Esports ပြိုင်ပွဲ အများစုကိုလည်း ရပ်ဆိုင်းထားရပါတယ်။ ဒါ့အပြင် Overwatch League မှာ ဝင်ရောက် ယှဥ်ပြိုင်လျက်ရှိတဲ့ တရုတ်နိုင်ငံ အခြေစိုက် ပရိုဖက်ရှင်နယ် Overwatch အသင်းတွေ အနေနဲ့ တောင်ကိုရီးယား နိုင်ငံကို ပြောင်းရွေ့ကာ စခန်းသွင်း လေ့ကျင့်မှုတွေ ပြုလုပ်လျက် ရှိတယ်လို့ သိရပါတယ်။
REF: OneEsports, VpEsports