အရုပ်လေးတွေ ဝေမျှရင်း ပျော်ရွှင်ခြင်းတွေ အတူတူဖန်တီးရအောင်လား

အရုပ်လေးတွေ ဝေမျှရင်း ပျော်ရွှင်ခြင်းတွေ အတူတူဖန်တီးရအောင်လား

ဒီနေ့ Akhayar-Lifestyle ပရိသတ်တွေကို “ပျော်ရွှင်ခြင်း” အကြောင်း ဝေမျှချင်ပါတယ်။ ဘယ်သူမဆို ပျော်ရွှင်ချင်ကြပါတယ်နော်။ ကလေးတွေ၊ လူကြီးတွေ၊ လူငယ်တွေအားလုံး အားလုံးဟာ ပျော်ရွှင်ခြင်းကို မက်မောကြပါတယ်။ ကျွန်မတို့ လူမှုအသိုင်းအဝိုင်းမှာလည်း ပျော်ရွှင်ခြင်းကို လိုက်လံရှာဖွေကြတဲ့အခါမှာ ရယူပိုင်ဆိုင်ရတဲ့ပျော်ရွှင်ခြင်းထက် ပေးကမ်းစွန့်ကြဲရတဲ့ပျော်ရွှင်ခြင်းဟာ ပိုပြီး တန်ဖိုးရှိမယ်လို့ ယုံကြည်မိပါတယ်။ ဒီတော့ ကျွန်မတို့ ဘယ်လို ပေးကမ်းစွန့်ကြဲရင်း ပျော်ရွှင်ခြင်းကို ရနိုင်မလဲနော်။

အခု ဇွန်လမှာတော့ ပေးကမ်းစွန့်ကြဲရင်း ပျော်ရွှင်စရာကို ဖန်တီးနိုင်ပါပြီ။ မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်အနေနဲ့ “ပျော်ရွှင်ခြင်း” လို့ နာမည်ပေးထားတဲ့ လှူဒါန်းပွဲလေးရှိပါတယ်။

ဒါကတော့ ချို့တဲ့ကလေးလေးတွေအတွက် အရုပ်လေးတွေကို YSEALI Women Network Myanmar က ဦးဆောင်ပြီး စုဆောင်းပေးနေပါတယ်။ အများပြည်သူက လှူဒါန်းတဲ့ အဲဒီ့အရုပ်လေးတွေကို ရွှေပြည်သာနဲ့ လှိုင်သာယာမှာရှိတဲ့ မူလတန်းကျောင်းတွေနဲ့ မိဘမဲကလေးကျောင်းတွေမှာ ပြန်လည်လှူဒါန်းပေးသွားမယ်လို့လည်း သိရပါတယ်။

မနေ့က Myanmar Plaza က Marketplace မှာ ဒီစုဆောင်းမှုလေးကို သွားတွေ့တော့ သေသေချာချာစပ်စုလာခဲ့လိုက်တာလေ။

ကလေးလေးတွေ အခုဆို ကျောင်းပြန်တက်တဲ့ရာသီကိုရောက်နေပြီဆိုတော့ မူလတန်းကျောင်းတွေမှာ ကျောင်းပြန်တက်နေကြတဲ့ကလေးလေးတွေ ပိုပြီး ပျော်ရွှင်စေအောင် နောက်ပြီး ကျောင်းမတက်နိုင်တဲ့ကလေးလေးတွေအနေနဲ့လည်း အရုပ်လေးတွေရတော့ ပျော်ကြမယ်လို့ ထင်ပါတယ်။

ဒီတော့ အိမ်မှာ အသုံးမလိုဘဲ ပိုနေတဲ့အရုပ်လေးတွေကို သွားလှူကြဖို့ တိုက်တွန်းချင်ပါတယ်။ ကိုယ့်ဆီမှာက ပိုနေပေမယ့် သူတို့လေးတွေအတွက်ကတော့ ပျော်ရွှင်သွားစေမှာပါ။ ဘဲနဲ့ ပြတ်လို့ သူပေးထားတဲ့အရုပ်ကြီးတွေ မလိုချင်တော့ရင်ပဲဖြစ်ဖြစ်၊ အခန်းထဲမှာ အရုပ်တွေများလို့ ဘယ်မှာသွားထားရမှန်း မသိရင်ဘဲဖြစ်ဖြစ်၊ အို …. ဘယ်လိုပဲဖြစ်ဖြစ် တစ်ရုပ်လောက်တော့ သွားလှူလိုက်ပါနော်။

ဒီအစီအစဉ်လေးက ဇွန်လ (၁)ရက်နေ့မှာ စတင်ခဲ့တာဖြစ်ပြီးတော့ ဒီလကုန် ဇွန်လ (၃၀)ရက်နေ့ နောက်ဆုံးဖြစ်လို့ မပေးလိုက်ရဘူး မဖြစ်ရအောင် လက်တို့ပါတယ်နော်။

ပါဝင်ပြီး လှူဒါန်းချင်တဲ့သူတွေက ရန်ကုန်မြို့တွင်းမှာရှိနေတဲ့ –

Baby & Me (ဘုန်းကြီးလမ်းဆိုင်ခွဲနဲ့ သစ္စာလမ်းဆိုင်ခွဲ)

Happy Baby (ဗဟိုလမ်းဆိုင်ခွဲ၊ ပုဇွန်တောင်ဆိုင်ခွဲ၊ ကျောင်းလမ်းမှတ်တိုင်ဆိုင်ခွဲနဲ့ ဘုန်းကြီးလမ်းဆိုင်ခွဲ)

Sweet Child (ဆရာစံလမ်း)

3.14 Café (အင်းစိန်လမ်း)

House Rules Café (ပုလဲကွန်ဒို)

Momo Lay (မြန်မာပလာဇာဆိုင်ခွဲ၊ စိန့်ဂျွန်းစီးတီးမောဆိုင်ခွဲနဲ့ ဝေဇယန္တာဆိုင်ခွဲ)

Marketplace (မြန်မာပလာဇာ၊ ၆မိုင်ခွဲနဲ့ ဓမ္မစေတီလမ်း)

တို့မှာ သွားရောက်လှူဒါန်းလို့ရပါတယ်။

ပြီးတော့ ဒီလို သွားရောက်လှူဒါန်းတဲ့အခါ ယောက်ျားလေးရော၊ မိန်းကလေပါ အဆင်ပြေတဲ့အရုပ်လေးတွေကို အဓိကထားပြီး သယ်သွားကြဖို့ ပြောချင်ပါတယ်။

အားလုံးပဲ ဇွန်လလေးကို ပျော်ရွှင်ခြင်းတွေနဲ့ ပြည့်ဝတဲ့ မိုးလလေးအဖြစ် ကျွန်မတို့ အတူတူ ပြောင်းလဲကြရအောင်နော်။

Photo Credit

Moethaesay (Akhayar)