ဒုတိယမြောက် အဖွဲ့အစည်း လက်အောက်ခံ CSGO အသင်းကို ထပ်မံ ဖွဲ့စည်းလိုက်တဲ့ Singularity

Singularity ဆိုတာကတော့ CSGO, Dota 2, Call of Duty, Fortnite, PUBG, Rocket League, LOL, Hearthstone, Tekken7, Clash Royale စတဲ့ နာမည်ကျော် Esports ကဏ္ဍတွေမှာ သက်ဆိုင်ရာ အသင်းကိုယ်စီနဲ့ ဝင်ရောက် ယှဉ်ပြိုင်လျက်ရှိတဲ့ ဒိန်းမတ်နိုင်ငံ အခြေစိုက် နာမည်ကျော် Esports အဖွဲ့အစည်းကြီး တစ်ခုပဲ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ Singularity လက်အောက်ခံ CSGO အသင်း အနေနဲ့ North America အခြေစိုက် CSGO ပြိုင်ပွဲတွေမှာ ဝင်ရောက် ယှဉ်ပြိုင်လျက် ရှိပေမယ့် ဒိန်းမတ်နိုင်ငံသားများဖြင့် ဖွဲ့စည်းထားတဲ့ CSGO အသင်း တစ်သင်းကို Singularity Esports အဖွဲ့အစည်း အနေနဲ့ တည်ထောင်သွားဖွယ် ရှိတယ်လို့ ပြီးခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်ခန့်က ကောလာဟလတွေ ထွက်ပေါ်ခဲ့ပါတယ်။

ယခုအခါမှာတော့ ကောလာဟလတွေ ထွက်ပေါ်ခဲ့တဲ့အတိုင်း ဒိန်းမတ်နိုင်ငံသားများဖြင့် ဖွဲ့စည်းထားတဲ့ CSGO အသင်းကို တရားဝင်ကြေငြာပေးလိုက်ပြီ ဖြစ်ပါတယ်။ အသစ်ဖွဲ့စည်းလိုက်တဲ့ Singularity CSGO အသင်းမှာ Heroic အသင်းနဲ့အတူ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ပြသနိုင်ခဲ့တဲ့ Daniel “Mertz” Mertz လည်း ပါဝင်လို့ လာခဲ့ပါတယ်။

Mertz

အခုလို CSGO အသင်းသစ်ကို ထပ်မံဖွဲ့စည်းလိုက်နိုင်ခြင်းနဲ့ ပတ်သတ်ပြီး Singularity Esports အဖွဲ့အစည်းရဲ့ CEO ဖြစ်သူ Atle S. Stehouwer ကတော့ အခုလိုပဲ ပြောကြားသွားခဲ့ပါတယ်။

“ကျွန်တော်တို့ Team Singularity မှာ ဒိန်းမတ်နိုင်ငံသား သီးသန့်နဲ့ ဖွဲ့စည်းထားတဲ့ Esports အသင်း တစ်သင်း တည်ရှိလာဖို့ မျှော်လင့်ခဲ့ကြတာ အချိန်အတော်ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ စံချိန်စံညွှန်းနဲ့ ကိုက်ညီတဲ့ ကစားသမားတွေကို တွေ့ရှိခဲ့ခြင်း မရှိတာကြောင့် ယခုအချိန်မှသာ ဖွဲ့စည်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ အသစ် ဖွဲ့စည်းလိုက်တဲ့ Singularity CSGO အသင်း အနေနဲ့ ကျွန်‌‌တော် မျှော်လင့်ထားတဲ့အတိုင်း အောင်မြင်မှုတွေကို ယူဆောင်ပေးနိုင်မယ်လို့လည်း ထင်မြင်မိပါတယ်။”

Singularity CSGO အသင်းဟောင်း အနေနဲ့ အမေရိက အခြေစိုက် ပြိုင်ပွဲတွေမှာ ဝင်ရောက် ယှဉ်ပြိုင်သွားမှာ ဖြစ်သလို အသစ်ဖွဲ့စည်းလိုက်တဲ့ Singularity CSGO အသင်းကတော့ မကြာသေးခင် အချိန်မှာ ကျင်းပသွားမယ့် ဥရောပအခြေစိုက် CSGO ပြိုင်ပွဲတွေမှာ ဝင်ရောက် ယှဉ်ပြိုင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Singularity CSGO အသင်းသစ်ရဲ့ ကစားသမား စာရင်းကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • Casper “Celrate” Andersen
  • Daniel “Mertz” Mertz
  • Tobias “TOBIZ” Theo Brogger Poulsen
  • Jonas “Queenix” Dideriksen
  • Jakob “Jabbi” Nygaard Sorensen
  • Peter “Casle” Toftbo Ardenskjold (Coach)

REF: VpEsports