အစားထိုး ကစားသမား နှစ်ဦးကို ခေါ်ယူလိုက်ပြီဖြစ်တဲ့ NA အခြေစိုက် Dota 2 အသင်း Fighting PandaS

ပြီးခဲ့တဲ့ ရက်ပိုင်းခန့်က NA အခြေစိုက် Dota 2 အသင်း Fighting Pandas ကို တည်ထောင်ခဲ့တဲ့ EternalEnvy နဲ့ Sneyking တို့ အနေနဲ့ အသင်းကနေ နှုတ်ထွက်လိုက်ပြီဖြစ်ကြောင်း တရားဝင် ကြေငြာသွားခဲ့ပါတယ်။ Fighting Pandas အနေနဲ့ 2019-2020 DPC ရာသီရဲ့ တတိယမြောက် Minor ပြိုင်ပွဲမှာ ဝင်ရောက် ယှဥ်ပြိုင်ခွင့် ရရှိထားသလို အဆိုပါ ပြိုင်ပွဲ ကျင်းပဖို့ ရက်ပိုင်းခန့် အလိုမှ အသင်းရဲ့ ကစားသမား နှစ်ဦး ထွက်ခွာသွားခြင်းနဲ့ ရင်ဆိုင်ခဲ့ရတာကြောင့် အစားထိုး ကစားသမား နှစ်ဦးကို ခေါ်ယူရန် အတွက် အပူတပြင်း လိုက်လံ ရှာဖွေခဲ့ရပါတယ်။

EternalEnvy

ယခုအခါမှာတော့ Starladder ImbaTV Dota 2 Minor ပြိုင်ပွဲမှာ Fighting Pandas Dota 2 အသင်းမှာ အစားထိုး ကစားသမား အဖြစ် ဝင်ရောက် ယှဥ်ပြိုင်ပေးနိုင်မယ့် ကစားသမား နှစ်ဦးကို ရှာဖွေတွေ့ရှိခဲ့ပြီ ဖြစ်တယ်လို့ သိရပါတယ်။ Fighting Pandas Dota 2 အသင်းမှာ အစားထိုး ကစားသမား အဖြစ် ဝင်‌ရောက် ယှဥ်ပြိုင်သွားမယ့် ကစားသမား နှစ်ဦးကတော့ ပရိသတ်တွေနဲ့ ရင်းနှီးပြီးသား ကစားသမားတွေဖြစ်တဲ့ Skiter နဲ့ Khezu တို့ပဲ ဖြစ်ပါတယ်။

Sneyking

Skiter အနေနဲ့ 2019-2020 DPC ရာသီ စတင်စဥ် အချိန်မှာ NiP Dota 2 အသင်း ကိုယ်စားပြု ကစားသမား ဘဝကို ခံယူခဲ့ပေမယ့် NiP Dota 2 အသင်း အနေနဲ့ ရလဒ်ဆိုးတွေနဲ့ ဆက်တိုက် ဆိုသလို ရင်ဆိုင်ခဲ့ရတာကြောင့် Skiter ကို အသင်းကနေ ပြန်လည် ထုတ်ပယ်ခဲ့ပါတယ်။ NiP Dota 2 အသင်းကနေ ထွက်ခွာပြီး နောက်ပိုင်းမှာ Skiter တစ်ယောက် SsaSpartan, LiL, Skylark, Boranija တို့နဲ့ အတူ Aggressive Mode Dota 2 အသင်းမှာ ဝင်ရောက် ကစားခဲ့ပြီး တတိယမြောက် Major/ Minor လက်ရည်စစ်ပွဲမှာ ဝင်ရောက် ယှဥ်ပြိုင်ခဲ့ပေမယ့် အောင်မြင်ခြင်းတော့ မရှိခဲ့ပါဘူး။ ဒါကြောင့် Skiter အနေနဲ့ Fighting Pandas Dota 2 အသင်းရဲ့ လစ်လပ်သွားတဲ့ EternalEnvy ရဲ့ Carry Position မှာ ဝင်ရောက် ကစားပေးဖို့ အတွက် ကမ်းလှမ်းမှုကို လက်ခံခဲ့ခြင်းပဲ ဖြစ်ပါတယ်။

Skiter

Khezu အနေနဲ့ကတော့ Sneyking ရဲ့ Offlane Position မှာ ဝင်ရောက် ကစားသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ Khezu အနေနဲ့ 2019-2020 DPC ရာသီ စတင်ချိန်မှာ GODSENT Dota 2 အသင်းမှာ ဝင်ရောက် ကစားခဲ့ပေမယ့် ကျရှုံးမှုတွေနဲ့ ဆက်တိုက် ဆိုသလို ရင်ဆိုင်ခဲ့ရတာကြောင့် အသင်းကနေ ပြန်လည် နှုတ်ထွက်ပြီး Streamer အဖြစ်သာ ဆက်လက် လုပ်ကိုင်ခဲ့ပါတယ်။ ဒါကြောင့်လည်း အသင်းလက်မဲ့ အဖြစ် ရှိနေခဲ့တဲ့ နာမည်ကျော် ကစားသမား Khezu ကို Fighting Pandas အနေနဲ့ အသင်းမှာ ဝင်ရောက် ကစားပေးဖို့ အလွယ်တကူ ကမ်းလှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

Khezu

လက်ရှိအချိန်မှာ အသစ်ခေါ်ယူလိုက်တဲ့ Khezu နဲ့ Skiter တို့ကို အမြဲတမ်း ကစားသမား အဖြစ် ခေါ်ယူသွားမလား ဆိုတာနဲ့ ပတ်သတ်ပြီး Fighitng Pandas ဘက်က တရားဝင် ထုတ်ပြန် ကြေငြာခြင်း မရှိသေးတာကြောင့် StarLadder ImbaTV Dota 2 Minor မှာ ထိပ်ပိုင်း အဆင့်ကို ဝင်ရောက်နိုင်ခဲ့မှသာ အဆိုပါ ကစားသမားသစ် နှစ်ဦးကို အမြဲတမ်း ကစားသမားတွေ အဖြစ် ခေါ်ယူသွားဖွယ် ရှိပါတယ်။

REF: VpEsports