StarLadder Dota 2 Minor တရုတ်ဒေသတွင်း လက်ရည်စစ်ပွဲမှာ လုပ်ပွဲကစားမှု ရှိခဲ့တယ်လို့ စွပ်စွဲ သွားခဲ့တဲ့ Xiao8

ESL One LA Major တရုတ် ဒေသတွင်း လက်ရည်စစ်ပွဲတွေ ဖေဖော်ဝါရီလ (၁၇) ရက်နေ့မှာ ပြီးဆုံးသွားခဲ့ပြီ ဖြစ်ပေမယ့်လည်း StarLadder Imba TV Dota 2 Minor မှာ ဝင်ရောက် ယှဥ်ပြိုင်ခွင့် ရရှိရေး အတွက် တရုတ် ဒေသတွင်း လက်ရည်စစ်ပွဲတွေ ဆက်လက် ယှဥ်ပြိုင်လျက် ရှိပါတယ်။

ယခုအခါမှာတော့ StarLadder Dota 2 Minor တရုတ်ဒေသတွင်း လက်ရည်စစ်ပွဲရဲ့ ပွဲစဥ်တစ်ခုမှာ လုပ်ပွဲကစားမှု ရှိခဲ့တယ်လို့ တရုတ်နိုင်ငံ Dota 2 လောကရဲ့ အထင်ကရ ပုဂ္ဂိုလ်တစ်ဦးလည်းဖြစ်၊ EHome Dota 2 အသင်းရဲ့ မန်နေဂျာလည်းဖြစ်တဲ့ Xiao8 ကတော့ စွပ်စွဲသွားခဲ့ပါတယ်။

Xiao8 ရဲ့ ပြောကြားချက်များအရ Newbee နဲ့ Avengerls တို့ ယှဥ်ပြိုင်ခဲ့ရတဲ့ Best of 3 ပြိုင်ပွဲရဲ့ ဒုတိယမြောက် ပွဲစဥ်မှာ Avengerls အနေနဲ့ ပွဲချိန် (၂၅) မိနစ်ခန့် အထိ Newbee Dota 2 အသင်းကို Net Worth 13k အသာဖြင့် ကစားနိုင်ခဲ့ပေမယ့် အဲဒီနောက်ပိုင်းမှာ လုံးဝ မဖြစ်သင့်တဲ့ အမှားတွေ၊ မေးခွန်းထုတ်စရာ လုပ်ရပ်တွေကို ဆက်တိုက် ဆိုသလို ပြုလုပ်ခဲ့ပြီး နောက်ဆုံးမှာ Newbee Dota 2 အသင်းကို အရှုံးပေးခဲ့ရပါတယ်။

Newbee Dota 2

ဒါ့အပြင် တတိယမြောက် ပွဲစဥ် အစောပိုင်း ကာလတွေမှာလည်း Avengerls Dota 2 အသင်း အနေနဲ့ Newbee ကို First 10 Kill ‌ပေးနိုင်နေတယ်လို့ ထင်မှတ်ရလောက်အောင် အသေခံမှုတွေ ရှိခဲ့တာကြောင့် Xiao8 အနေနဲ့ အခုလို စွပ်စွဲခဲ့ရတာပဲ ဖြစ်ပါတယ်။

Xiao8

လက်ရှိအချိန်မှာ ထွက်ပေါ်နေတဲ့ အချက်အလက်များအရ Avengerls Dota 2 အသင်းရဲ့ ကစားသမားတွေဟာ Account Boosters အများစုနဲ့ ဖွဲ့စည်းထားတဲ့ အသင်း တစ်သင်း ဖြစ်တာကြောင့် ငွေကြေးအင်အားပိုင်း တောင့်တင်းခြင်း မရှိဘူးလို့ သိရသလို နောက်ထပ် ကောလာဟလ တစ်ခုအရ Newbee Dota 2 အသင်းနဲ့ Avengerls Dota 2 အသင်းတို့ကို အဖွဲ့အစည်း တစ်ခုတည်းက ပိုင်ဆိုင်ကြောင်း သတင်းတွေ ထွက်ပေါ်နေတာကြောင့် Valve အနေနဲ့ ယခု ဖြစ်ရပ်ကို ဘယ်လို ကိုင်တွယ် သွားမလဲ ဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: Reddit, AfkGaming