တရုတ်အသင်း တစ်သင်းသင်းမှာ မြင်တွေ့ရဖွယ်ရှိတဲ့ နာမည်ကျော် Dota 2 ကစားသမား Sumail

EG Dota 2 အသင်းနဲ့အတူ The International 2015 ပြိုင်ပွဲကြီးမှာ ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့တဲ့ အပြင် အခြားသော ပြိုင်ပွဲပေါင်း များစွာမှာ အနိုင်ရ ဗိုလ်စွဲခဲ့တဲ့ Sumail အနေနဲ့ အသင်းလက်မဲ့အဖြစ် တည်ရှိနေခဲ့တာ အချိန်အတော် ကြာခဲ့ပြီဖြစ်ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ ရက်ပိုင်းမှာ Sumail အနေနဲ့ ကိုယ်ပိုင် Twitch Channel ကနေ Stream ပြုလုပ်ကာ ပရိသတ်တွေရဲ့ မေးမြန်းမှုတွေကို ပြန်လည် ဖြေကြားရင်း ဘယ်အသင်းကို ပြောင်းရွေ့သွားဖွယ် ရှိတယ် ဆိုတာနဲ့ ပတ်သတ်ပြီး အရိပ်အမြွက် ပြောကြားသွားခဲ့ပါတယ်။

Sumail အနေနဲ့ အဆိုပါ Streaming Session မှာ အသင်းသစ်နဲ့ ပတ်သတ်ပြီး အရိပ်အမြွက် ပြောကြားခဲ့သလို Dota 2 Outlanders Update နဲ့ ပတ်သတ်ပြီးတော့လည်း ထင်မြင်ယူဆချက်တွေကို ပြောကြားသွားခဲ့ပါတယ်။ Sumail အနေနဲ့ ယခု Patch ကို အကောင်းဆုံး Patch လို့ ထင်မြင်ယူဆကြောင်း၊ Neutral Items တွေနဲ့ ပတ်သတ်ပြီး ဘာလို့ ဝေဖန်နေကြတယ် ဆိုတာကို နားမလည်နိုင်ကြောင်း ပြောကြားသွားခဲ့ပါတယ်။

“ကျွန်တော်ကတော့ ဒီ Patch ကို အကောင်းဆုံး Patch လို့ပဲ ထင်မိပါတယ်။ လူတွေက ဘာဖြစ်လို့ Neutral Items တွေနဲ့ ပတ်သတ်ပြီး ငိုယိုနေတယ် ဆိုတာကို နားမလည်နိုင်တော့ဘူး။ Neutral Item တွေထက်စာရင် ပွဲချိန်စစချင်း (၂) မိနစ်မှာ Double Damage Rune ပေါ်လာပြီး အဲဒီ Rune ကြောင့် Mid Lane မှာ ရှုံးနေရာကနေ ပြန်နိုင်သွားတာက ပိုပြီးတောင် စိတ်ပျက်ဖို့ ကောင်းတယ်လို့ ကျွန်တော်ကတော့ ထင်မိပါတယ်။ ကျွန်‌တော်ကတော့ Ring of Aquila, Vambrace စတဲ့ Item တွေ ကျပေးတာက Regeneration, Double Damage Rune တွေ ပွဲချိန်အစပိုင်း ပေးတာလောက်တော့ မဆိုးဘူးလို့ ထင်မိပါတယ်။”

ဒါ့အပြင် Sumail အနေနဲ့ တရုတ်အသင်း တစ်သင်းသင်းကို ပြောင်းရွေ့သွားဖွယ်ရှိကြောင်း အောက်ပါအတိုင်း အရိပ်အမြွက် ပြောကြားသွားခဲ့ပါတယ်။

“ဟုတ်ပါတယ်။ တရုတ်အသင်း တစ်သင်းသင်းကို ပြောင်းရွေ့သွားဖို့ စိတ်ကူးထားပါတယ်။ တရုတ်စာ သင်ရတာကလည်း အရမ်းကြီး ခက်ခဲတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ ကျွန်‌တော်က Dota ကစားဖို့ အတွက် သွားမှာလေ။ တခြား အလုပ်ကိစ္စအတွက် တရုတ်ပြည်ကို သွားရတာ မဟုတ်ဘူးဆိုတော့ ပျော်ဖို့ကောင်းမယ်လို့တော့ ထင်မိပါတယ်။”

မကြာသေးခင် အချိန်ကလည်း တရုတ်နိုင်ငံ အခြေစိုက် အင်အားကြီး Dota 2 အသင်းတစ်သင်းဖြစ်တဲ့ Team Aster အနေနဲ့ Sumail ကို အသင်းမှာ ဝင်ရောက် ကစားပေးဖို့ အတွက် ကမ်းလှမ်းထားကြောင်း ကောလာဟလတွေ ထွက်ပေါ်ခဲ့တာကြောင့် Sumail တစ်ယောက် တတိယမြောက် Major/ Minor လက်ရည်စစ်ပွဲ မတိုင်မီ ဘယ်အသင်းကို ရောက်ရှိသွားမယ် ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: AfkGaming