LCK ပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမားက မိမိသာဖြစ်ကြောင်း ပြောကြားသွားခဲ့တဲ့ နာမည်ကျော် LoL ကစားသမား Faker

LCK ပြိုင်ပွဲဝင် နာမည်ကျော် LoL အသင်း T1 ရဲ့ အဓိက ကစားသမား တစ်ဦးလည်းဖြစ်၊ Esports လောကရဲ့ အထင်ကရ ကစားသမား တစ်ဦးလည်းဖြစ်တဲ့ Lee “Faker” Sang Hyeok ကတော့ မနှစ်တုန်းက အမှားတွေကို ပြင်ဆင်ပြီး Worlds 2020 ပြိုင်ပွဲမှာ ချန်ပီယံဆုကို သိမ်းပိုက်သွားဖို့ အဆင်သင့် ဖြစ်နေပြီ ဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။

Faker

T1 အနေနဲ့ LCK Spring Split ပြိုင်ပွဲရဲ့ပထမဆုံး ပွဲစဥ်မှာ DamWon Gaming ကို အနိုင်ရရှိခဲ့ပေမယ့် ဒုတိယမြောက် ပွဲစဥ်မှာတော့ Hanwha Life Esports ကို (၂-၁) ဆိုတဲ့ ရလဒ်ဖြင့် ရှုံးနိမ့်ခဲ့ပါတယ်။ ဒါပေမယ့်လည်း တတိမြောက် ပွဲစဥ်မှာ KT Rolster အသင်းကို ၂ ပွဲပြတ်ဖြင့် ပြန်လည် အနိုင်ယူနိုင်ခဲ့တာကြောင့် LCK Spring Split ပြိုင်ပွဲ ဇယားရဲ့ နံပါတ် (၄) နေရာကို တက်လှမ်းနိုင်ခဲ့ပါတယ်။

KT Rolster အသင်းနဲ့ ပြိုင်ပွဲ ပြီးဆုံးသွားစဥ် အချိန်မှာ နာမည်ကျော် Gaming Media တစ်ခုဖြစ်တဲ့ InvenGlobal အနေနဲ့ TI အသင်းရဲ့ နာမည်ကျော် ကစားသမား Faker ကို အသင်းရဲ့ အနာဂတ်နဲ့ ပတ်သတ်ပြီး မေးမြန်းခဲ့ရာမှာ Faker ကတော့ အခုလိုပဲ ပြန်လည် ဖြေကြားသွားခဲ့ပါတယ်။

Faker

“ကျွန်တော်တို့ အသင်းရဲ့ မနှစ်တုန်းက ကစားသမား စာရင်းရော၊ ဒီနှစ် ကစားသမား စာရင်းပါ တောင့်တင်းတယ်လို့ ကျွန်တော်ကတော့ ထင်မြင်မိပါတယ်။ မနှစ်တုန်းက ကျွန်တော်တို့တွေ Worlds 2019 ပြိုင်ပွဲမှာ ရှုံးနိမ့်ခဲ့တာကြောင့် ဒီနှစ်မှာတော့ ချန်ပီယံဆုကို အရယူနိုင်မိလို့ ယုံကြည်မိပါတယ်။

အသင်းရဲ့ အဓိက ကစားသမား သုံးဦး ထွက်ခွာသွားပေမယ့် ကျွန်တော်တို့ အသင်း ကစားဟန် အပေါ် ထိခိုက်မှုတွေ ရှိလာတယ်လို့ ကျွန်တော်ကတော့ မထင်မိပါဘူး။ ဒါပေမယ့်နည်း နည်းပြကြီး Kim ထွက်ခွာသွားခြင်းကတော့ ကျွန်တော်တို့ အသင်းအပေါ် အနည်းငယ် ထိခိုက်မှုတွေ ရှိလာခဲ့တယ်လို့ ထင်မြင်မိပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ Kim က ကျွန်တော်တို့ အသင်းရဲ့ ကစားဟန်နဲ့ ပတ်သတ်ပြီး အများကြီး နည်းပေးလမ်းပြမှုတွေ ပြုလုပ်ပေးနိုင်စွမ်း ရှိတယ်လေ။

DragonX. Chovy

လူအများစုကတော့ ကျွန်တော့်ကို ပွဲချိန် အစပိုင်းတွေမှာ လက်စွမ်း မပြနိုင်တာနဲ့ ပတ်သတ်ပြီး လှောင်ပြောင်လေ့ ရှိကြပါတယ်။ ဒါပေမယ့်လည်း အဲဒီလှောင်ပြောင်မှုတွေကို ကျွန်တော် ဂရုစိုက်နေမှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ပွဲချိန် ကြာလာတာနဲ့ အမျှ ကျွန်တော်ရဲ့ ကစားဟန်တွေ တိုးတက်လာခဲ့သလို အသင်း အတွက် အနိုင်ရလဒ် ရယူပေးဖို့ အတွက်လည်း များစွာသော အထောက်အကူတွေ ပေးစွမ်းနိုင်ခဲ့တာပဲလေ။ ‌နောက်ပြီးတော့ ကျွန်တော့်က LCK ပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမား ဖြစ်တယ်လို့လည်း ယုံကြည်မိပါတယ်။”

Gen.G. Bdd

လက်ရှိအချိန်မှာ DragonX LoL အသင်းနဲ့ Gen.G LoL အသင်းတို့ အနေနဲ့ ရှုံးပွဲမရှိ ရလဒ်ကို ဖော်ဆောင်ထားနိုင်ပြီး LCK ပြိုင်ပွဲရဲ့ အဆင့် ၁၊ ၂ နေရာတွေကို သိမ်းပိုက်ထားနိုင်ခဲ့သလို DragonX LoL အသင်းရဲ့ Mid Lane ကစာသမား Jeong “Chovy” Ji Hoon, Gen.G LoL အသင်းရဲ့ Mid Lane ကစားသမား Gwak “Bdd” Bo Seon တို့ အနေနဲ့ အသင်း အတွက် အနိုင်ရလဒ်တွေ ဖော်ဆောင်ရာမှာ အဓိက နေရာကနေ အထောက်အကူ ပေးလျက် ရှိတာကြောင့် Mid Laner တစ်ဦးဖြစ်တဲ့ Faker အနေနဲ့  ကိုယ့်ကိုယ်ကို LCK ပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမား အဖြစ် သက်သေပြနိုင်ဖို့ အတွက် အဆိုပါ အသင်း နှစ်သင်းကို T1 LoL အသင်းနဲ့ အတူ အနိုင်ယူသွားနိုင်မလား ဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: VpEsports