IeSF World Championship 2020: SEA Finals ပြိုင်ပွဲမှာ ဒုတိယနေရာဖြင့်သာ ကျေနပ်ခဲ့ရတဲ့ Team Myanmar

မြန်မာနိုင်ငံ ကိုယ်စားပြု Dota2 အသင်း အဖြစ် IeSF World Championship 2020: SEA Finals ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်လျက်ရှိတဲ့ Yangon Galacticos ကတော့ Team Vietnam ကို ရှုံးနိမ့်ခြင်းနဲ့ အတူ IeSF World Championship 2020 Main Stage ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ကို လက်လွှတ် ဆုံးရှုံးလိုက်ရပြီ ဖြစ်ပါတယ်။

IeSF World Championship 2020: SEA Finals ပြိုင်ပွဲကို နိုဝင်ဘာလ ၉ ရက်နေ့ကနေ ၁၀ ရက်နေ့အထိ ကျင်းပသွားခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် YG Dota2, ဖိလစ်ပိုင်နိုင်ငံ ကိုယ်စားပြု အဖြစ် Neon Esports, ထိုင်းနိုင်ငံ ကိုယ်စားပြုအဖြစ် Motivate.Trust Gaming, ဗီယက်နမ်နိုင်ငံ ကိုယ်စားပြု အဖြစ် 496 Gaming, အင်ဒိုနီးရှားနိုင်ငံ ကိုယ်စားပြု အဖြစ် inYourdreaM ဦးဆောင်တဲ့ အင်ဒိုအခြေစိုက် နာမည်ကျော် ကစားသမား အဖွဲ့တို့ အနေနဲ့ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပါတယ်။

မြန်မာနိုင်ငံ ကိုယ်စားပြု YG အဖွဲ့သားတွေ အနေနဲ့ အုပ်စု အဖွင့် ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ခဲ့ရတဲ့ Neon Esports နဲ့ ပွဲစဉ်ကို လက်စွမ်းပိုင်း သာလွန်စွာဖြင့် အနိုင်ရယူနိုင်ခဲ့သလို ဒုတိယမြောက် ပွဲစဉ်ဖြစ်တဲ့ ထိုင်းနိုင်ငံ ကိုယ်စားပြု Dota2 အသင်းနဲ့ ယှဉ်ပြိုင်ရတဲ့ ပွဲစဉ်ကိုလည်း ထပ်မံ အနိုင်ယူနိုင်ခဲ့ပါတယ်။

ဒါပေမယ့်လည်း တတိယမြောက် ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ခဲ့ရတဲ့ ဗီယက်နမ် ကိုယ်စားပြု 496 နဲ့ ပွဲစဉ်မှာတော့ ပြန်လည် ရှုံးနိမ့်ခဲ့တာကြောင့် အုပ်စု ပထမနေ့ ပွဲစဉ်တွေ အပြီးမှာ ၂ ပွဲနိုင် ၁ ပွဲရှုံး ရလဒ်ဖြင့် အုပ်စု ပထမနေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။ ဒုတိယမြောက်နေ့ ပွဲစဉ်များကို ဆက်လက် ယှဉ်ပြိုင်ရာမှာလည်း Team Myanmar အနေနဲ့ Team Indonesia ကို Young Ph ရဲ့ အထူးလက်စွမ်းပြမှုများနဲ့ အတူ ထပ်မံ အနိုင်ယူခဲ့ပြီး Team Vietnam နဲ့အတူ Grand Final အဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။

Grand Final ပွဲစဉ်အဆင့် အဖြစ် ယှဉ်ပြိုင်ခဲ့ရတဲ့ Team Vietnam vs Team Myanmar ပွဲစဉ်ကို Best of 3 Format ဖြင့် ယှဉ်ပြိုင်ခဲ့ရတာဖြစ်ပြီး Team Myanmar အနေနဲ့ ၂ ပွဲလုံး မိနစ် ၃၀ ဝန်းကျင်ဖြင့် အရေးနိမ့်ခဲ့တာကြောင့် IeSF World Championship 2020 Main Stage ပြိုင်ပွဲမှာ အရှေ့တောင်အာရှ ကိုယ်စားပြု အသင်း အဖြစ် ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိမယ့် အခွင့်အရေးကို လက်လွှတ် ဆုံးရှုံးခဲ့ရပါတယ်။

ယခင်အချိန်တွေတုန်းက မြန်မာနိုင်ငံ ကိုယ်စားပြု Dota2 အသင်းတွေဟာ နိုင်ငံတကာ စင်မြင့်ထက်မှာ အမြဲလိုလို အရှုံးတွေနဲ့သာ ရင်ဆိုင်ခဲ့ရပေမယ့် ယခုတစ်ကြိမ်မှာတော့ နာမည်ကျော် Dota2 ကစားသမားတွေ ပါဝင်တဲ့ Team Philippines, Team Thailand, Team Indonesia တို့ကို အနိုင်ယူနိုင်ခဲ့သလို Team Vietnam တစ်သင်းတည်းကိုသာ ရှုံးနိမ့်ခဲ့တာကြောင့် နိုင်ငံတကာ ပြိုင်ပွဲအတွေ့အကြုံတွေကိုသာ ထပ်မံ ရယူနိုင်ခဲ့မယ်ဆိုရင် နောင်တစ်ချိန်မှာ မြန်မာနိုင်ငံသား Dota2 ကစားသမားများ ပါဝင်တဲ့ Dota2 အသင်းတွေကို နိုင်ငံတကာ စင်မြင့်ထက်မှာ အောင်မြင်မှုတွေနဲ့အတူ မြင်တွေ့ရမယ်လို့ ယုံကြည်မိပါတယ်။

Photo Credit: Yangon Galacticos Facebook