ပြိုင်ပွဲစုံ (၈) ပွဲဆက် အောင်မြင်မှု အဖြစ် OGA Dota PIT Season3 မှာ အနိုင်ရ ဗိုလ်စွဲခဲတဲ့ Team Secret

နောက်ထပ် ဂရန်းဖိုင်နယ် တစ်ခုမှာ သုံးပွဲပြတ် အနိုင်ရရှိမှုနဲ့ အတူ Team Secret အဖွဲ့သားတွေ အနေနဲ့ လေးလ အတွင်း ပြိုင်ပွဲစုံ (၈) ပွဲဆက်တိုက် အနိုင်ရ ဗိုလ်စွဲနိုင်ခဲ့တဲ့ စံချိန်ကောင်းကို ရယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ OGA Dota PIT Season 3 ပြိုင်ပွဲရဲ့ ချန်ပီယံဆုကို ရယူဖို့ အတွက် ထိုက်တန်တဲ့ အသင်းဖြစ်ကြောင်းကို Team Secret အနေနဲ့ Grand Final ပွဲစဉ်မှာ VP.Prodigy ကို သုံးပွဲပြတ်ဆိုတဲ့ ရလဒ်ဖြင့် အနိုင်ရယူကာ သက်သေပြနိုင်ခဲ့ပါတယ်။

OGA Dota PIT Season 3 အဖွင့် ပွဲစဉ်မှာ Team Secret အနေနဲ့ VP.Prodigy နဲ့ပဲ ယှဉ်ပြိုင်ခဲ့ရပြီး Game 1 မှာ ရှုံးနိမ့်ခဲ့တာကြောင့် Team Secret ရဲ့ ကြီးစိုးမှုတွေ ကွယ်ပျောက်သွားပြီလားလို့ ပရိသတ်တွေ အနေနဲ့ ထင်မှတ်မှားခဲ့ကြပါတယ်။ ဒါပေမယ့်လည်း Game 2 နဲ့ Game 3 မှာ ပြန်လည် အနိုင်ယူပြီး ချန်ပီယံဆုကို စိန်ခေါ်နိုင်တဲ့ လက်စွမ်းကောင်းကို ပိုင်ဆိုင်ထားကြောင်း Team Secret ကတော့ အဖွင့်ပွဲစဉ်မှာတင် စတင် ပြသခဲ့ပါတယ်။

အဲဒီနောက်မှာတော့ Natus Vincere, Alliance စတဲ့ အသင်းတွေကို နှစ်ပွဲပြတ်ဖြင့် ထပ်မံ အနိုင်ယူပြီး Grand Final အဆင့်ကို အသာအယာပဲ တက်လှမ်းသွားခဲ့ပါတယ်။ အဖွင့်ပွဲစဉ်မှာ Team Secret ကို ရှုံးနိမ့်တာကြောင့် Lower Bracket ကို သက်ဆင်းခဲ့ရတဲ့ VP.Prodigy ကတော့ Grand Final ကို တက်လှမ်းနိုင်ဖို့ အတွက် Team Nigma, Team Liquid, Natus Vincere, Allaince စတဲ့ အသင်းပေါင်း များစွာကို ဖြတ်ကျော်ခဲ့ရပြီး နောက်ဆုံး ဆရာကြီးဖြစ်တဲ့ Team Secret နဲ့ ပြန်လည် ရင်ဆိုင်ခွင့်ကို Grand Final ကို တက်လှမ်းပြီး ရယူနိုင်ခဲ့ပါတယ်။

ဒါပေမယ့်လည်း အများထင်မှတ်ထားသလို VP.P နဲ့ Team Secret တို့ ယှဉ်ပြိုင်ခဲ့တဲ့ Grand Finals ပွဲစဉ်မှာ ကြည့်ကောင်းတဲ့ ပွဲစဉ်တစ်ခု မဟုတ်ခဲ့ဘဲ ခံတွင်းပျက်နေတဲ့ ကြောင်ကြီး လက်အောက်ကို ရောက်ရှိသွားခဲ့တဲ့ တောင်ပံကျိုးနေတဲ့ ဇရက်လေးသဖွယ် VP.Prodigy ဟာ Team Secret အဖွဲ့သားတွေရဲ့ အပြတ်အသတ် သုံးပွဲပြတ်ဖြင့် ချေမှုန်းခြင်းကို ခံယူခဲ့ရပါတယ်။

Team Secret အဖွဲ့သားတွေ အတွက် အခုလို OGA Dota PIT Season 3 မှာ ချန်ပီယံဆုကို စွတ်ခူးနိုင်ခြင်းကြောင့် အရင်တုန်းက ဘယ်သူမှ မရရှိဘူးတဲ့ စံချိန်သစ်တွေကို ထပ်မံ တင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ မကြာခင် အချိန်အတွင်းမှာ ကျင်းပသွားမယ့် ESL One Germany 2020 မှာရော Team Secret ကို ရပ်တန့်နိုင်မယ့် အသင်း ထွက်ပေါ် လာမလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

REF: VpEsports