2019-2020 DPC ရာသီရဲ့ အဆုံးသတ် Dota 2 Major ပြိုင်ပွဲကြီးကို စင်ကာပူနိုင်ငံမှာ ကျင်းပသွားမည်

စင်ကာပူနိုင်ငံမှာ ကျင်းပလျက်ရှိတဲ့ ONE Esports Dota 2 Singapore World Pro Invitational ပြိုင်ပွဲကြီးရဲ့ ဒုတိယမြောက်နေ့မှာ ONE Esports အဖွဲ့အစည်း အနေနဲ့ 2019-2020 DPC ရာသီရဲ့ နောက်ဆုံးပိတ် Dota 2 Major ပြိုင်ပွဲကြီးဖြစ်တဲ့ ONE Esports Singapore Major ပြိုင်ပွဲကို ဇွန်လ ၂၀ ရက်နေ့ကနေ ၂၈ ရက်နေ့အထိ စင်ကာပူနိုင်ငံ၊ Singapore Indoor Stadium မှာ ကျင်းပသွားမှာဖြစ်ကြောင်း တရားဝင် ကြေငြာသွားခဲ့ပါတယ်။

ONE Esports Dota 2 World Pro Invitationals

ONE Esports Singapore Major Dota 2 ပြိုင်ပွဲမှာ စုစုပေါင်း ဆုကြေးငွေ ‌ဒေါ်လာ ၁ သန်းနဲ့အတူ DPC Points 15000 ကို ပြိုင်ပွဲဝင် အသင်းတွေကို ခွဲဝေ ပေးအပ်သွားမှာ ဖြစ်ပါတယ်။ ဆွီဒင်နိုင်ငံ၊ Stockholm မြို့‌တော်မှာ ကျင်းပသွားမှာဖြစ်တဲ့ TI 10 ပြိုင်ပွဲကြီးမှာ ဝင်ရောက် ယှဥ်ပြိုင်ခွင့် ရရှိရေး အတွက် နောက်ဆုံး အခွင့်အရေး အဖြစ် ကြိုးစားခွင့် ရရှိမယ့် ပြိုင်ပွဲကြီး ဖြစ်တာနဲ့အညီ ONE Esports Singapore Major ပြိုင်ပွဲကြီးမှာ နာမည်ကျော် Dota 2 အသင်းတွေရဲ့ အကြိတ်အနယ် ယှဥ်ပြိုင်မှုကို မျက်ဝါးထင်ထင် မြင်တွေ့ခွင့် ရရှိမှာ ဖြစ်ပါတယ်။

Singapore Indoor Stadium

အရှေ့တောင်အာရှဒေသတွင်းမှာ DPC Major အဖြစ် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှာ ၂၀၁၈ ခုနှစ်က ကျင်းပခဲ့တဲ့ Kuala Lumpur Major တစ်ခုသာ ရှိခဲ့တာကြောင့် ONE Esports Singapore Major ပြိုင်ပွဲဟာဆိုရင် အရှေ့တောင်အာရှဒေသတွင်းမှာ ကျင်းပသွားမယ့် ဒုတိယမြောက် DPC Major ပြိုင်ပွဲ ဖြစ်လာမှာပဲ ဖြစ်ပါတယ်။

ဒါ့အပြင် ONE Esports Singapore Major ပြိုင်ပွဲကို ONE Esports အနေနဲ့ PGL Esports နဲ့အတူ ပူးပေါင်းကာ ကျင်းပသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အခုလို 2019-2020 DPC ရာသီရဲ့ အဆုံးသတ် Major ပြိုင်ပွဲကို ကျင်းပနိုင်ခဲ့တာနဲ့ ပတ်သတ်ပြီး ONE Esports CEO Carlos Alimurung ကတော့ အောက်ပါအတိုင်း ပြောကြားသွားခဲ့ပါတယ်။

“ကျွန်တော်တို့ ONE Esports အဖွဲ့အစည်း အနေနဲ့ စတင် ဖွဲ့စည်းစဥ် အချိန်က စတင်ကာ ONE Esports Dota 2 Pro Invitational ပြိုင်ပွဲတွေကို စင်ကာပူနိုင်ငံနဲ့ ဂျကာတာနိုင်ငံတို့မှာ ကျင်းပခွင့် ရရှိအောင် ကြိုးစားနိုင်ခဲ့သလို ယခုအခါမှာလည်း ONE Esports Dota 2 Singapore Major ပြိုင်ပွဲကိုလည်း ကျင်းပခွင့် ရရှိအောင် ထပ်မံ စွမ်းဆောင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ကျွန်တော်တို့ ONE Esports အဖွဲ့အစည်းကို ယုံယုံကြည်ကြည်နဲ့ ‌ထောက်ပံ့ပေးခဲ့ကြတဲ့ JBL, TUMI, DBS Bank, Lazada, Secretlab, Harvey Norman, Red Bull စတဲ့ အဖွဲ့အစည်း အားလုံးကိုလည်း အထူးပဲ ကျေးဇူးတင်မိပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ ONE Esports အဖွဲ့အစည်းမှ ကြီးမှူးကျင်းပတဲ့ ပြိုင်ပွဲတွေကို နိုင်ငံတကာမှ ပရိသတ်တွေ အလွယ်တကူ ကြည့်ရှုနိုင်ရန်အတွက် ထုတ်လွှင့်ပေးခဲ့ကြတဲ့ Huya, Huomao, Maincast, eGG, Twitch စတဲ့ Streaming Platform တွေကိုလည်း အထူးပဲ ကျေးဇူးတင်ပါတယ်။

ONE Esports CEO Carlos Alimurung

အခုလို စင်ကာပူနိုင်ငံမှာ Esports ပြိုင်ပွဲတွေ ကျင်းပနိုင်ဖို့အတွက် ကူညီပေးခဲ့တဲ့ စင်ကာပူနိုင်ငံ ခရီးသွား အဖွဲ့အစည်းတွေကိုလည်း ကျေးဇူးတင်ကြောင်း ပြောကြားသွားချင်ပါတယ်။ 2019-2020 DPC Major ရဲ့ နောက်ဆုံး Major အဖြစ် ကျင်းပသွားမယ့် ONE Esports Dota 2 Singapore Major ကိုလည်း အံ့အားသင့်ဖွယ် ကောင်းလှတဲ့ ပြိုင်ပွဲကြီး တစ်ခုဖြစ်လာအောင် အစွမ်းကုန် ပုံဖော်သွားမှာ ဖြစ်ပါတယ်။”

REF: OneEsports, VpEsports