လက်ရှိ ကမ္ဘာ့အချမ်းသာဆုံး အမျိုးသမီးက ဘယ်သူဖြစ်မလဲ

လက်ရှိ ကမ္ဘာ့ကြွယ်ဝအချမ်းသာဆုံးအမျိုးသမီးဆိုရင်တော့ L’Oréal ရဲ့ အမွေဆက်ခံသူ Francoise Bettencourt Meyers ကိုပဲ ညွှန်းရမှာဖြစ်ပါတယ်။ သူ့ရဲ့ အဘိုး Eugène Schueller ဟာ L’Oréal ကို ၁၉၀၉ ခုနှစ်မှာ တည်ထောင်ခဲ့သူ ဖြစ်ပါတယ်။

Francoise Bettencourt Meyers

ဒါကြောင့်ပဲ L’Oréal ရဲ့ အမွေဆက်ခံသူလည်းဖြစ်၊ မိသားစုကုမ္ပဏီမှာ Chairwoman လည်း ဖြစ်တဲ့ Francoise Bettencourt Meyers ဟာ လက်ရှိ အသားတင်ကြွယ်ဝမှု ဒေါ်လာ ၅၀.၆ ဘီလီယံ နဲ့ ကမ္ဘာ့အချမ်းသာဆုံး အမျိုးသမီးဖြစ်လာတာ ဖြစ်ပါတယ်။

အသက် ၆၅ နှစ်ရှိပြီဖြစ်တဲ့ Bettencourt Meyers ဟာ လက်ရှိ Forbes ရဲ့ Real Time ကမ္ဘာ့ဘီလျံနာ စာရင်းမှာ နံပါတ် ၁၄ နေရာကို ရောက်ရှိနေပြီး အမျိုးသမီးတွေထဲမှာ ထိပ်ဆုံးက ဦးဆောင်နေပါတယ်။ L’Oréal တည်ထောင်သူ Eugène Schueller ရဲ့ မြေးမဖြစ်သူ Bettencourt Meyers ဟာ ကုမ္ပဏီဘုတ်အဖွဲ့ဝင်အဖြစ် ၁၉၉၇ ခုနှစ်တည်းက ရှိနေတာ ဖြစ်ပြီး သူ့ရဲ့ အမေ Liliane Bettencourt တစ်ယောက် ၂၀၁၇ ခုနှစ် စက်တင်ဘာလမှာ သေဆုံးအပြီးမှာတော့ ဘီလျံနာစာရင်းထဲကို အခုလို ဝင်ရောက်လာတာ ဖြစ်ပါတယ်။

Eugène Schueller

အရင်ကတော့ Bettencourt ရဲ အမေ Liliane ဟာ ၁၉၈၇ ခုနှစ် Forbes က ပထမဆုံးဘီလျံနာစာရင်း စထုတ်ဝေတည်းက နှစ်တိုင်း ဘီလျံနာစာရင်းဝင်ခဲ့သူ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ Bettencourt Meyers ရဲ့ ကြွယ်ဝမှု ၉၀% ဟာ L’Oréal ရဲ့ ရှယ်ယာတွေနဲ့ ဆက်စပ်နေပြီး L’Oréal ဟာလည်း မနှစ်ကတင် စုစုပေါင်း ဝင်ငွေ ဒေါ်လာ ၃၀.၆ ဘီလီယံထိ ရှိခဲ့ပါတယ်။ အာရှပစိဖိတ်ဒေသက ဝင်ငွေဆိုရင် တရုတ်ပြည်ဈေးကွက်ကြောင့် ၂၀% လောက် တိုးတက်ခဲ့တာ ဖြစ်ပါတယ်။

Liliane Bettencourt ငယ်စဉ်က

Bettencourt Meyers ဟာ လက်ရှိ ပါရီမြို့မှာ နေထိုင်ပြီး Bettencourt Schueller Foundation ရဲ့ President လည်း ဖြစ်ပါတယ်။ ဒီပရဟိတဖောင်ဒေးရှင်းဟာ သိပ္ပံနဲ့ အနုပညာမှာ လုပ်ဆောင်နေတဲ့ Projects တွေကို ငွေကြေးထောက်ပံ့နေတဲ့ ဖောင်ဒေးရှင်း ဖြစ်ပြီး ဘီလျံနာ တစ်ယောက်ဖြစ်တဲ့ Bettencourt Meyers ဟာ စာရေးဆရာမတစ်ယောက်လည်း ဖြစ်ပါတယ်။

Bettencourt Meyers တစ်ယောက် အခုလို ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီးနေရာမှာ ပထမဆုံးဝင်လာတာဟာ ထူးခြားပြီး ပြီးခဲ့တဲ့ ဆယ်စုနှစ်တောက်လျှောက် ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီးနေရာမှာ Liliane Bettencourt နဲ့အပြိုင် Walmart Founder ရဲ့ သမီး Alice Walton တို့ကပဲ တလှည့်စီ တောက်လျှောက်ကြီးစိုးနေခဲ့တာ ဖြစ်ပါတယ်။

Alice Walton

ဒါကြောင့် ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး ဘီလျံနာ ဖြစ်တဲ့ L’Oréal ရဲ့ အမွေဆက်ခံသူ Bettencourt Meyers ရဲ့ အကြောင်းကို အခုလိုပဲ ဖော်ပြပေးလိုက်ရပါတယ်။

Yoe Lu (Akhayar)
Source : Forbes