MLBB Season 12 မှာ Lolita Global Rank 1 နေရာကို သိမ်းပိုက်နိုင်ခဲ့တဲ့ အင်ဒိုနီးရှား နိုင်ငံသူတစ်ဦး

Syarifah Silvia “Viorell” Assegaff ဆိုတာကတော့ အင်ဒိုနီးရှား နိုင်ငံ MLBB လောကရဲ့ ထိပ်သီး ကစားသမား တစ်ဦးပဲ ဖြစ်ပါတယ်။ သူမ အနေနဲ့ Tank Hero အများစုကို ကျွမ်းကျင်စွာ ကိုင်တွယ်တတ်သလို MLBB Season 12 မှာ Lolita Global Rank 1 နေရာကို သိမ်းပိုက်နိုင်ခဲ့ပေမယ့် ပရိုဖက်ရှင်နယ် MLBB ကစားသမား ဘဝကိုတော့ ခံယူခဲ့ခြင်း မရှိခဲ့ပါဘူး။

Viorell အနေနဲ့ Lolita Global Rank 1 နေရာကို သိမ်းပိုက်နိုင်ခဲ့ပေမယ့်လည်း နေ့ဘက်တွေမှာ အချိန်ပြည့် အလုပ်အကိုင် တစ်ခုမှာ ဝင်ရောက် လုပ်ကိုင်လျက် ရှိသလို ညဘက်တွေမှာလည်း သူမရဲ့ သားဖြစ်သူ အိပ်စက် အနားယူသွားတဲ့ အချိန်လေးတွေမှာသာ MLBB ကို ကစားခွင့် ရခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ဂိမ်းမင်း မီဒီယာ တစ်ခုဖြစ်တဲ့ One Esports ရဲ့ အင်တာဗျူးမှာ ပြောကြားသွားချက်များအရ Viorell အနေနဲ့ MLBB တစ်ခုတည်းကိုသာ ကျွမ်းကျွမ်းကျင်ကျင် ကစားတတ်ခဲ့တာ မဟုတ်ပါဘူး။ Gaming လောကမှာ ၁၇ နှစ်ခန့် ကျင်လည်ခဲ့သလို လက်ရှိအချိန်မှာ Viorell ရဲ့ အသက်ဟာ (၃၈) နှစ် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

“ကျွန်မ ငယ်ငယ်လေးကတည်းက ပရိုဖက်ရှင် ဂိမ်မာ တစ်ဦး အဖြစ် ရပ်တည်ချင်ခဲ့ပါတယ်။ ၂၀၀၃ ခုနှစ်လောက်မှာ ကျွန်မ Counterstrike ကို စပြီးတော့ ကစားခဲ့တယ်။Counterstrike မှာလည်း ပရိုအဆင့်ထိ ရောက်ရှိအောင် စွမ်းဆောင်နိုင်ခဲ့တယ်။ အဲဒီအချိန်တုန်းက မိန်းကလေး ဂိမ်မာ အင်အားက တကယ်ကို နည်းပါးခဲ့ပါတယ်။

ကျွန်မ မိန်းမကလေး ငါးယောက်နဲ့ ဖွဲ့စည်းထားတဲ့ Counterstrike အသင်းမှာ ဝင်ကစားခဲ့တယ်။ ဒါပေမယ့်လည်း အမျိုးသမီး သီးသန့် ပြိုင်ပွဲတွေ အရမ်းကို နည်းပါးတာကြောင့် အမျိုးသားတွေ ပါဝင်တဲ့ ပြိုင်ပွဲတွေမှာ ဝင်ရောက် ယှဥ်ပြိုင်ခဲ့ရပါတယ်။ ဒါပေမယ့်လည်း နောက်ဆုံးမှာ ကျွန်မတို့ အသင်း ပျက်သွားခဲ့ပါတယ်။

ဘာဖြစ်လို့လည်းဆိုတော့ အဲဒီအချိန်တွေတုန်းက အမျိုးသမီး သီးသန့် Counterstrike အသင်း တည်ထောင်ဖို့ဆိုတာ တကယ်ကို ခက်ခဲလွန်ခဲ့တယ်လေ။ အဲဒီနောက်မှာ ကျွန်မ နောက်ထပ် Counterstrike အသင်း တစ်သင်းမှာ ပါဝင် ကစားခဲ့ပါတယ်။ အဲဒီ အသင်းမှာဆိုရင် မိန်းကလေးဆိုလို့ ကျွန်မတစ်ယောက်ပဲ ပါဝင်ခဲ့ပါတယ်။”

Semi-Professional Counterstrike အသင်းမှာ ၇ နှစ်နီးပါး ကျင်လည် ပြီးသွားတဲ့ နောက်မှာတော့ Dota 2 ကစားသမား ဘဝကို ခံယူဖို့ အတွက် Viorell တစ်ယောက် Counterstrike လောကကနေ နှုတ်ဆက် ထွက်ခွာခဲ့ပါတယ်။ ကံဆိုးစွာနဲ့ပဲ Dota 2 တရားဝင် ထွက်မလာခင် အချိန်လေးမှာ အဖေဖြစ်သူ နာတာရှည် နေမကောင်း ဖြစ်ခဲ့တာကြောင့် ဖခင်ကို ပြုစုရန် အတွက် ပရိုဖက်ရှင်နယ် Dota 2 လောကကို ဝင်ရောက်နိုင်မယ့် အခွင့်အရေးကို လက်လွှတ် ဆုံးရှုံးခံခဲ့ရပါတယ်။

ဖခင်ဖြစ်သူ ၂၀၁၇ ခုနှစ်မှာ ဆုံးပါးသွားတာကြောင့် Viorell တစ်ယောက် Esports လောကထဲကို ပြန်လည် ဝင်ရောက်နိုင်မယ့် အခွင့်အရေးကို ပြန်လည် ရရှိခဲ့ပါတယ်။

“ကျွန်မရဲ့ သားလေး YouTube ကြည့်နေတုန်းမှာ Mobile Legends နဲ့ ပတ်သတ်တဲ့ ကြော်ငြာတစ်ခု တက်လာခဲ့တယ်။ အဲဒီ ကြော်ငြာကို ကြည့်နေရင်းနဲ့ ဒီဂိမ်းလေးရဲ့ Graphic ကလည်း လှတယ်၊ ကစားလို့လည်း ကောင်းမယ်လို့ ထင်မိတာကြောင့် ကျွန်မ MLBB ကို စမ်းကစားကြည့်ခဲ့တာ ဖြစ်ပါတယ်။

ကျွန်မ MLBB ကို စတင် ကစားခဲ့တဲ့ အချိန်တုန်းကတော့ Marksman ကစားရတာကို ကြိုက်နှစ်သက်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဘယ်သူမှ Tank Role ကို ကစားချင်တဲ့သူ မရှိတာကြောင့် Tank Role ကို ပြောင်းလဲ ကစားခဲ့တာ ဖြစ်ပါတယ်။ Lolita ကိုင်ရတာကို နှစ်သက်မိတဲ့ အကြောင်းပြချက် ရှိပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ သူ့ပုံစံက တူလေးနဲ့ ချစ်စရာ ကောင်းလွန်းတာကြောင့် ဖြစ်ပါတယ်။

အစပိုင်းမှာ ကျွန်မ Tank Role ဘယ်လို ကစားရမယ် ဆိုတာကို မသိခဲ့ပါဘူး။ ကျွန်မ Lolita ကိုပဲ စွဲစွဲမြဲမြဲနဲ့ ကစားခဲ့တယ်။ Lolita Global Rank 70 ရောက်တဲ့ အချိန်အထိ Winrate တွေ MMR တွေကို ဂရုစိုက်နေလို့ မရခဲ့ပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်မမှာ သားလေးကို ပြုစုစောင့်ရှောက်ရမယ့် တာဝန်ကလည်း ရှိနေသေးတယ်လေ။

အဲဒီနောက်ပိုင်းမှာ ကျွန်မ အားတဲ့အချိန်တိုင်း Lolita ကိုပဲ စွဲစွဲမြဲမြဲကိုင်ပြီး MLBB ကစားခဲ့တယ်။ ဒီလိုနဲ့ Season 12 ပြီးဆုံးသွားတဲ့ အချိန်မှာ Global Rank 1 နေရာကို တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ အခုလို Season 12 ရဲ့ Lolita Global Rank 1 နေရာကို ရောက်ခဲ့တာကလည်း ကျွန်မနဲ့အတူ Party ဆော့ပေးတဲ့သူတွေကြောင့်လည်း ပါဝင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ Solo ဆော့နေမယ်ဆိုရင် တခြားသူတွေနဲ့ အချိတ်အဆက်မိဖို့ အတွက် ပြောဆိုဆက်ဆံရာမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ရမှာ ဖြစ်တာကြောင့် Lolita Global Rank 1 နေရာကို ရောက်လာနိုင်မှာ မဟုတ်ပါဘူး။”

Viorell အနေနဲ့ MLBB Season 12 မှာ Lolita Global Rank 1 နေရာကို သိမ်းပိုက်နိုင်ခဲ့ပေမယ့်လည်း ပရိုဖက်ရှင်နယ် MLBB ကစားသမား ဘဝကို ခံယူသွားဖို့ စိတ်ကူးမရှိသလို အားလပ်ချိန်တွေမှာသာ အပန်းဖြေဖို့ အတွက်သာ ဆက်လက် ဆော့ကစားသွားမှာ ဖြစ်တယ်လို့ ပြောကြားသွားခဲ့ပါတယ်။

REF: OneEsports