Fortnite World Cup 2020 ကို ဖျက်သိမ်းလိုက်ပြီ

Epic Games အနေနဲ့ Fortnite World Cup အပါအဝင် ၂၀၂၀ ခုနှစ် အတွင်း ကျင်းပရန် ကျန်ရှိသေးတဲ့ Fortnite ပြိုင်ပွဲများ အားလုံးကို ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း တရားဝင် ကြေညာပေးလိုက်ပြီ ဖြစ်ပါတယ်။ အခြားသော Esports ပြိုင်ပွဲများနည်းတူ COVID-19 ကမ္ဘာကပ်ရောဂါ အန္တရာယ်ကြောင့် လူအများ မျှော်လင့် စောင့်စားလျက်ရှိတဲ့ Fortnite World Cup 2020 ပြိုင်ပွဲကြီးကို ဖျက်သိမ်းလိုက်ရတာ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ သတင်းကို Fortnite Competitive တွစ်တာကနေ တစ်ဆင့် ကြေညာပေးခဲ့တဲ့ဖြစ်ပြီး အွန်လိုင်းကနေ တစ်ဆင့် ကျင်းပသွားဖို့ ဆိုရာမှာလည်း Connection မတည်ငြိမ်မှုတွေ၊ နည်းပညာပိုင်းဆိုင်ရာ ထောက်ပံ့ပေးဖို့ အတွက် အဆင်မပြေမှုတွေနဲ့ ရင်ဆိုင်ရနိုင်တာကြောင့် အခုလို လုံးဝ မကျင်းပဖို့ ဆုံးဖြတ်ခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း Epic Games အနေနဲ့ ၂၀၂၁ ခုနှစ်မှာ Fortnite World Cup ကို ပြန်လည် ကျင်းပသွားနိုင်ဖို့ ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။

“လက်ရှိအချိန်မှာ Esports ပြိုင်ပွဲတွေကို ဘယ်အချိန်မှ ပြန်လည် ကျင်းပသွားနိုင်မယ် ဆိုတာကို သိရှိရခြင်း မရှိသေးပေမယ့် ၂၀၂၁ ခုနှစ်မှာတော့ Fortnite World Cup ကို ကျင်းပနိုင်ဖို့ အစွမ်းကုန် ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။”

Bugha

ပြီးခဲ့တဲ့နှစ်မှာ ကျင်းပခဲ့တဲ့ Fortnite World Cup Solo ပြိုင်ပွဲမှာ အသက် (၁၆) နှစ် အရွယ်သာ ရှိသေးတဲ့ Kyle “Bugha” Giersdorf အနေနဲ့ အနိုင်ရ ဗိုလ်စွဲခဲ့ပြီး ဆုကြေးငွေ ဒေါ်လာ (၃) သန်းကို သိမ်းပိုက်နိုင်ခဲ့တာကြောင့် Fortnite ကစားသမား အများစု အနေနဲ့ Fortnite World Cup 2020 ကျင်းပမယ့် နေ့ရက်နဲ့ ပတ်သတ်ပြီး မျှော်လင့် စောင့်ဆိုင်းခဲ့ကြပါတယ်။

ဒါပေမယ့်လည်း ယခုအခါမှာ COVID-19 ကမ္ဘာ့ကပ်ရောဂါ အန္တရာယ်ကြောင့် လူအများစု မျှော်လင့် စောင့်စားခဲ့ကြတဲ့ FWC 2020 ပြိုင်ပွဲကို မြင်တွေ့ရတော့မှာ မဟုတ်ပါဘူး။ Epic Games ဘက်က ထုတ်ပြန် ကြေညာချက်များအရ FWC 2020 ပြိုင်ပွဲ အပါအဝင် Physical Events အားလုံးကို ဖျက်သိမ်းလိုက်ပေမယ့် အခြားသော ပြိုင်ပွဲသစ်များကို အွန်လိုင်း ပုံစံဖြင့် ကျင်းပသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

REF: OneEsports