(၃၁) ရက် အတွင်း Prize Pool ဒေါ်လာ သန်း (၂၀) ပြည့်သွားခဲ့တဲ့ TI10 Battle Pass

Dota2 ဟာ Dead Game ဖြစ်နေပြီလို့ ဘယ်လိုပဲ ငြီးတွားနေပါစေ TI အချိန်ကာလ ရောက်လာရင်တော့ Dota2 ပရိသတ် အများစု အနေနဲ့ Battle Pass ကိုယ်စီနဲ့ Gabe တစ်ယောက် ကြီးပွားရေးကို တစ်ဖက်တစ်လမ်းကနေ ကူညီအားဖြည့်လျက် ရှိနေကြောင်း TI 10 Battle Pass က ထပ်မံ သက်သေ ပြသွားခဲ့ပြန်ပြီ ဖြစ်ပါတယ်။

The international 10 ရဲ့ Prize Pool ဟာ ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ၊ ၂၆ ရက်နေ့မှာ ဒေါ်လာ သန်း (၂၀) ပြည့်သွားခဲ့ပြီ ဖြစ်ပါတယ်။ TI 10 Battle Pass Prize Pool ဒေါ်လာ သန်း (၂၀) ပြည့်သွားခဲ့တဲ့ နေ့ရက်ဟာ TI 9 Battle Pass Prize Pool ဒေါ်လာ သန်း (၂၀) ပြည့်သွားခဲ့တဲ့ နေ့ရက်နဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် (၁၉) ရက် စောနေခဲ့ပြီး TI 8 Battle Pass Prize Pool ဒေါ်လာ သန်း (၂၀) ပြည့်သွားခဲ့တဲ့ နေ့ရက်ထက် ရက် (၃၀) တိတိ စောနေခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ် TI 9 Battle Pass ထွက်ရှိပြီး (၃၁) ရက် အကြာမှာ Prize Pool စုစုပေါင်း (၁၆.၄) သန်းသာ ရှိခဲ့ပေမယ့် ယခုနှစ်မှာတော့ (၃၁) ရက် အတွင်း Prize Pool ဒေါ်လာ သန်း (၂၀) ပြည့်သွားခဲ့တာ ဖြစ်ပါတယ်။ ဒါကလည်း သိပ်ပြီးတော့ ထူးဆန်းတဲ့ ကိစ္စ တစ်ခုတော့ မဟုတ်ပါဘူး။

အရင်နှစ်တွေတုန်းက Valve အနေနဲ့ TI Battle Pass ထွက်ရှိပြီး ရက် (၅၀) ဝန်းကျင်မှသာ Battle Level Bundle ကို ထုတ်ရောင်းခဲ့ပေမယ့် ယခုနှစ်မှာတော့ TI 10 Battle Pass ထွက်ရှိပြီး ရက် (၃၀) အကြာမှာတင် စောစီးစွာ ထုတ်ရောင်းခဲ့တာ ဖြစ်ပါတယ်။

ပုံမှန် အတိုင်း Level ဝယ်တင်မှာထက်စာရင် Battle Level Bundle ဟာ သိသိသာသာ ဈေးသက်သာလျက် ရှိတာကြောင့် Battle Pass ပိုင်ရှင် အများစု အနေနဲ့ တုံ့ဆိုင်းနေခြင်း မရှိဘဲ Battle Level Bundle တွေကို ကျေကျေနပ်နပ်ကြီး ဝယ်ယူခဲ့ကြတာကြောင့် အခုလို စောစီးစွာနဲ့ Prize Pool သန်း (၂၀) ပြည့် သွားခဲ့ရတာ ဖြစ်ပါတယ်။

ဒါ့အပြင် ယခုနှစ် TI 10 Battle Pass မှာ WK, QoP, WR စတဲ့ ဟီးရိုး (၃) ကောင် အတွက် Arcana ကိုယ်စီနဲ့ Pudge, Anti Mage တို့ အတွက် Persona ကိုယ်စီ ပါဝင်လာခြင်းကလည်း TI 10 Battle Pass Prize Pool တိုးမြှင့်ရေး အတွက် ကူညီ အားဖြည့်ပေးလျက် ရှိပါတယ်။

အခုလို စောစီးစွာ Prize Pool ဒေါ်လာ သန်း (၂၀) ပြည့်သွားခဲ့တာကြောင့် TI 10 Battle Pass ရောင်းရငွေဟာ TI 9 Battle Pass ရောင်းရငွေထက် ပိုမို များပြားမှာ သေချာသွားခဲ့ပြီ ဖြစ်သလို Battle Pass ရောင်းရငွေရဲ့ ၂၅ ရာခိုင်နှုန်းကို ဆုကြေး အဖြစ် ပေးအပ်သွားမယ့် TI 10 ပြိုင်ပွဲရဲ့ ဆုကြေးငွေဟာ ဆိုရင်လည်း TI 9 ပြိုင်ပွဲရဲ့ စုစုပေါင်း ဆုကြေးငွေထက် ပိုမို များပြားမှာ သေချာသလောက် ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။

REF: AfkGaming