DreamLeague Season 13 ပြိုင်ပွဲကြီးရဲ့ အုပ်စုအဆင့်မှာ ရလဒ်ဆိုးတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ Dota 2 အသင်း TNC

အရှေ့တောင်အာရှ အခြေစိုက် Dota 2 အသင်းတစ်သင်းဖြစ်တဲ့ TNC Predator Dota 2 အသင်း အနေနဲ့ 2019-2020 DPC ရာသီရဲ့ ပထမဆုံး Major ပြိုင်ပွဲကြီးဖြစ်တဲ့ MDL Chengdu Major ပြိုင်ပွဲကြီးမှာ ပထမဆုကို ရယူနိုင်ခဲ့သလို WESG Sea Qualifier မှာ ပထမ၊ ESL One Hamburg 2019 မှာ ပထမစတဲ့ ဆုတွေကို သိမ်းပိုက်နိုင်ခဲ့တာကြောင့် SEA Dota 2 လောက ပြန်လည် အောင်မြင်လာခဲ့ပြီ ဖြစ်တယ်လို့ ကြုံးဝါးကာ SEA Dota 2 ပရိသတ်တွေ (အထူးသဖြင့် ဖိလစ်ပိုင် Dota 2 ပရိသတ်တွေ) အနေနဲ့ Dota 2 လောကမှာ တစ်ဖန် ပြန်လည် ဦးမော့လို့ လာခဲ့ပါတယ်။

ဒါပေမယ့်လည်း Outlanders Update ထွက်ရှိပြီး နောက်ပိုင်းမှာ TNC Dota 2 အသင်း အနေနဲ့ အခက်အခဲတွေနဲ့ စတင် ရင်ဆိုင်ခဲ့ရကာ DreamLeague Season 13 Leipzig Major လက်ရည်စစ်ပွဲကို တတိယနေရာဖြင့်သာ အောင်မြင်ခဲ့သလို One Esports Dota 2 World Pro Invitational Singapore ပြိုင်ပွဲကြီးမှာလည်း 7th– 8th အဆင့်ဖြင့်သာ ကျေနပ်ခဲ့ရပါတယ်။

Outlander Patch ထွက်ရှိပြီးကာစ အချိန်မှာ Dota 2 အသင်းကြီး အများစု အနေနဲ့ ရုန်းကန်ခဲ့ရတာကြောင့် Patch နဲ့ အသားကျသွားတဲ့ အခါမှာ TNC Dota 2 အသင်း အနေနဲ့ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ပြန်လည် ပြသနိုင်မယ်လို့ ထင်မှတ်ထားကြပေမယ့် DreamLeague Season 13 ပြိုင်ပွဲကြီးရဲ့ အုပ်စုအဆင့် ပွဲစဉ်တွေမှာ ဆက်လက် ရုန်းကန်ခဲ့ရပါတယ်။

TNC Dota 2 အသင်းအနေနဲ့ အုပ်စုအဖွင့် ပွဲစဉ်မှာ Bukovel Minor ပြိုင်ပွဲမှာ ပထမဆုကို သိမ်းပိုက်နိုင်ခဲ့တဲ့ Nigma Dota 2 အသင်းကို (၂-၁) ဆိုတဲ့ ရလဒ်ဖြင့် ရှုံးနိမ့်ခဲ့သလို ဒုတိယမြောက် ပွဲစဉ်မှာလည်း တရုတ်နိုင်ငံ အခြေစိုက် နာမည်ကျော် ကစားသမားတွေနဲ့ ဖွဲ့စည်းထားတဲ့ Team Aster Dota 2 အသင်းကို နှစ်ပွဲပြတ်ဖြင့် ထပ်မံ ရှုံးနိမ့်ခဲ့တာကြောင့် အုပ်စု နောက်ဆုံး နေရာဖြင့်သာ ကျေနပ်ခဲ့ရသလို ရှုံးထွက်အဆင့် ပွဲစဉ်တွေကိုလည်း Lower Bracket ကနေသာ ယှဉ်ပြိုင်ရတော့မှာ ဖြစ်ပါတယ်။

Lower Bracket ပွဲစဉ်မှာ TNC Dota 2 အသင်း အနေနဲ့ SEA Dota 2 အသင်း တစ်သင်းဖြစ်တဲ့ Reality Rift နဲ့ ဇန်နဝါရီလ ၂၂ ရက်နေ့မှာ ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး အဆိုပါ ပွဲစဉ်ကိုသာ ရှုံးနိမ့်ခဲ့မယ် ဆိုရင်တော့ DreamLeague Season 13 Leipzig Major ပြိုင်ပွဲကြီးကနေ လက်ပြနှုတ်ဆက်ရတော့မှာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း Dota 2 လောကမှာ Lower Bracket ကနေ တစ်ဆင့် ပထမဆုကို သိမ်းပိုက်သွားနိုင်ခဲ့တဲ့ အစဥ်အလာတွေကလည်း ရှိနေခဲ့တာကြောင့် TNC Dota 2 အသင်း အနေနဲ့ အခြားအသင်းတွေနည်းတူ Lower Bracket ကနေ တစ်ဆင့် ချန်ပီယံဆုကို သိမ်းပိုက်သွားနိုင်မလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။