လစ်လပ်သွားတဲ့ Twistzz ရဲ့ နေရာမှာ FalleN နဲ့ အစားထိုးဖို့ ကြံရွယ်နေတဲ့ Team Liquid CSGO

IEM Global Challenge ပြိုင်ပွဲမှာ Astralis CSGO ကို သုံးပွဲပြတ်ဖြင့် ရှုံးနိမ့်ပြီး ဒုတိယ နေရာဖြင့်သာ ကျေနပ်ခဲ့ရတဲ့ Team Liquid CSGO အသင်းရဲ့ အဓိက ကစားသမား တစ်ဦးဖြစ်သူ Twistzz ကတော့ ပြိုင်ပွဲ ပြီးဆုံးချိန်မှာ အသင်းနဲ့ လမ်းခွဲလိုက်ပြီဖြစ်ကြောင်း ကြေညာသွားခဲ့ပါတယ်။

Twistzz

အသက် ၂၁ နှစ် အရွယ်သာ ရှိသေးတဲ့ Twistzz အနေနဲ့ Team Liquid ကို ၂၀၁၇ ခုနှစ်၊ ၄ လပိုင်းမှာ စတင် ရောက်ရှိခဲ့တာဖြစ်ပြီး Team Liquid နဲ့အတူ အောင်မြင်မှုပေါင်း များစွာကို ရယူနိုင်ခဲ့တဲ့ ကစားသမား တစ်ဦးလည်း ဖြစ်ပါတယ်။ Twistzz အနေနဲ့ Team Liquid ကနေ ထွက်ခွာခဲ့ပေမယ့် CSGO လောကကနေ ထွက်ခွာသွားမှာ မဟုတ်ဘဲ EU အခြေစိုက် အသင်း တစ်သင်းသင်းမှာ အခြေချသွားဖို့ ဆုံးဖြတ်ထားတယ်လို့ အတည်ပြု ပေးခဲ့ပါတယ်။

Twistzz တစ်ယောက် အသင်းကနေ ထွက်ခွာကြောင်း အတည်ပြုပြီး သိပ်မကြာခင် အချိန်အတွင်းမှာပဲ ပရို CSGO လောကကနေ ကွယ်ပျောက်လျက်ရှိတဲ့ နာမည်ကျော် In-Game Leader လည်းဖြစ်၊ AWPER လည်းဖြစ်တဲ့ FalleN ကို ခေါ်ယူသွားဖွယ်ရှိတယ်ဆိုတဲ့ ကောလာဟလတွေ ဆက်တိုက်ဆိုသလို ထွက်ပေါ်လို့ လာခဲ့ပါတယ်။

လက်ရှိ Team Liquid မှာ In-Game Leader အဖြစ် တာဝန်ယူလျက်ရှိတဲ့ Stewie2K အနေနဲ့ In-Game Leader Role ကို ဆက်လက် တာဝန်ယူလိုခြင်း မရှိကြောင်း သတင်းတွေ ထွက်ပေါ်နေတာ အချိန်တစ်ခု ကြာမြင့်ခဲ့ပြီ ဖြစ်တာကြောင့် In-Game Leader ကောင်း တစ်ဦး ဖြစ်သလို ဝါရင့် AWP ကစားသမား တစ်ဦးလည်းဖြစ်တဲ့ FalleN ကို Team Liquid ဘက်က ခေါ်ယူသွားဖွယ်ရှိတယ်ဆိုတဲ့ သတင်းဟာ သေချာသလောက် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

FalleN

တကယ်လို့ FalleN ကိုသာ Team Liquid ဘက်က ခေါ်ယူဖြစ်ခဲ့မယ်ဆိုရင် FalleN အတွက် ပထမဆုံး အကြိမ် ဘရာဇီးနိုင်ငံသား မပါဝင်တဲ့ အသင်းမှာ ဝင်ရောက် ကစားခြင်း ဖြစ်လာတော့မှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း Team Liquid မှာ လက်ရှိကစားလျက်ရှိတဲ့ Stewie2K အနေနဲ့ Fallen နဲ့ ယခင်အချိန်တွေတုန်းက အတူတကွ ကစားခဲ့ဖူးတာကြောင့် Team Liquid မှာ အချိန်တို အတွင်း အသားကျသွားဖွယ် ရှိတယ်လို့ ယူဆရပါတယ်။

ဒါပေမယ့်လည်း ပြီးခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်ခန့်က FalleN တစ်ယောက် သူငယ်ချင်းလည်းဖြစ်၊ အသင်းဖော်ဟောင်းလည်းဖြစ်တဲ့ Fer နဲ့အတူ အသင်းသစ်ကို တည်ထောင်သွားဖွယ် ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ဖူးတာကြောင့် FalleN တစ်ယောက် Team Liquid ကိုပဲ ရောက်ရှိသွားမလား ကိုယ်တိုင် အသင်းသစ်ကိုပဲ တည်ထောင်သွားမလား ဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: DotEsports