DreamLeague Season 13 အုပ်စုအဆင့် ပွဲစဉ်တွေမှာ ပွဲငယ်တစ်ပွဲတောင် အနိုင်မရခဲ့တဲ့ VP

CIS အခြေစိုက် နာမည်ကျော် Dota 2 အသင်းတစ်သင်းဖြစ်တဲ့ Virtus Pro အနေနဲ့ 2018-2019 DPC ရာသီမှာ အောင်မြင်မှုပေါင်း များစွာကို စွတ်ခူးနိုင်ခဲ့ပေမယ့် The International 2019 ပြိုင်ပွဲကြီးမှာ 9th – 12th အဆင့်ဖြင့်သာ ကျေနပ်ခဲ့ရသလို TI 9 ပြိုင်ပွဲကြီး ပြီးဆုံးသွားချိန်မှာ အသင်းရဲ့ အဓိက ကစားသမားတွေ ဖြစ်ကြတဲ့ Ramzes, 9pasha, Rodjer စတဲ့ ကစားသမားတွေ အသင်းကနေ ထွက်ခွာသွားခြင်းနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

Solo

ဒါကြောင့် Virtus Pro Dota 2 အသင်းရဲ့ ကပ္ပတိန်ဖြစ်သူ Solo အနေနဲ့ အသင်းရဲ့ နာမည်ကျော် Mid Laner NoOne နဲ့ ပူးပေါင်းကာ Virtus Pro Dota 2 အသင်းကို အလုံးစုံ ပြုပြင် ပြောင်းလဲမှုတွေနဲ့အတူ ပြန်လည် ဖွဲ့စည်းခဲ့ပါတယ်။ အသစ်ပြန်လည် ဖွဲ့စည်းလိုက်တဲ့ Virtus Pro Dota 2 အသင်းမှာ Dota 2 လောကရဲ့ နာမည်ကျော် ကစားသမား တစ်ဦးဖြစ်သူ Resolution ပါဝင်ခဲ့သလို CIS Dota 2 လောကရဲ့ လူငယ်ကစားသမားတွေ ဖြစ်ကြတဲ့ Save, Epileptick1d တို့ ပါဝင်လာခဲ့ပါတယ်။

ကစားသမား အသစ်တွေနဲ့ ပြန်လည် ဖွဲ့စည်းထားတာ ဖြစ်တာနဲ့အညီ Virtus Pro Dota 2 အသင်း အနေနဲ့ 2019-2020 DPC ရာသီရဲ့ ပထမဆုံး Major လက်ရည်စစ်ပွဲမှာ ကျရှုံးမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမယ့်လည်း Minor လက်ရည်စစ်ပွဲကို ဆက်လက် ယှဉ်ပြိုင်ခဲ့ရာမှာ အောင်မြင်ခဲ့တာကြောင့် 2019-2020 DPC ရာသီရဲ့ ပထမဆုံး Minor ပြိုင်ပွဲ Dota Summit 11 မှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ကို ရယူနိုင်ခဲ့ပါတယ်။

Dota Summit 11 Minor ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ကို ရရှိခဲ့ပေမယ့်လည်း ဗီဇာအခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရတာကြောင့် Virtus Pro Dota 2 အသင်း အနေနဲ့ Dota Summit 11 မှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ကို လက်လွှတ် ဆုံးရှုံးခဲ့ရပါတယ်။ Dota Summit 11 ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ကို ဆုံးရှုံးခဲ့ရပေမယ့်လည်း အသင်းရဲ့ လူငယ်ကစားသမားတွေ အတွေ့အကြုံရရှိစေဖို့ အတွက် Non DPC ပြိုင်ပွဲတွေဖြစ်တဲ့ ESL One Hamburg 2019, One Esports Dota 2 World Pro Invitational Singapore စတဲ့ ပြိုင်ပွဲတွေမှာ Virtus Pro Dota 2 အသင်း အနေနဲ့ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပါတယ်။

အဆိုပါ ပြိုင်ပွဲတွေမှာ ဆိုးဝါးတဲ့ ရလဒ်တွေကို ပိုင်ဆိုင်ခဲ့ရပေမယ့်လည်း 2019-2020 DPC ရာသီရဲ့ ဒုတိယမြောက် Major လက်ရည်စစ်ပွဲမှာ Virtus Pro Dota 2 အသင်း အနေနဲ့ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ပြန်လည် ပြသနိုင်ခဲ့ပြီး DreamLeague Season 13 Leipzig Major မှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ကို ရယူနိုင်ခဲ့ပါတယ်။

Save

လက်ရည်စစ်ပွဲတစ်လျှောက် ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ပြသနိုင်ခဲ့တာကြောင့် VP Dota 2 ချစ်ပရိသတ်တွေ အနေနဲ့ အုပ်စုအဆင့် ပွဲစဉ်တွေကို အလွယ်တကူ ဖြတ်သန်းနိုင်မယ်လို့ မျှော်လင့် ထားခဲ့ကြပေမယ့်လည်း VP Dota 2 အသင်း အနေနဲ့ အုပ်စုအဖွင့်ပွဲစဉ်မှာ Alliance Dota 2 အသင်းကို နှစ်ပွဲပြတ်ဖြင့် ရှုံးနိမ့်ခဲ့သလို ဒုတိယမြောက် ပွဲစဉ်မှာလည်း Reality Rift Dota 2 အသင်းကို နှစ်ပွဲပြတ်ဖြင့် ထပ်မံ ရှုံးနိမ့်ခဲ့တာကြောင့် ရှုံးထွက်အဆင့်ကို Lower Bracket ကနေသာ ယှဉ်ပြိုင်ရတော့မှာ ဖြစ်ပါတယ်။

Lower Bracket Round 1 ပွဲစဉ်ကို ဇန်နဝါရီလ ၂၂ ရက်နေ့မှာ ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး Virtus Pro Dota 2 အသင်း အနေနဲ့ အဆိုပါ ပွဲစဉ်မှာ ဥရောပ အခြေစိုက် နာမည်ကျော် Dota 2 အသင်း တစ်သင်းဖြစ်တဲ့ Team Liquid နဲ့ ယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။

Team Liquid

VP အနေနဲ့ အဆိုပါ ပွဲစဉ်ကိုသာ ရှုံးနိမ့်ခဲ့မယ်ဆိုရင် ပြိုင်ပွဲကနေ နှုတ်ဆက် ထွက်ခွာ သွားရတော့မှာ ဖြစ်တာကြောင့် Team Liquid Dota 2 အသင်းကို အနိုင်ယူပြီး ချန်ပီယံ အိပ်မက်ကို ဆက်လက် မက်ခွင့်ရလေမလား ဒါမှမဟုတ် Team Liquid Dota 2 အသင်းကို အ‌ရေးနိမ့်ကာ အိပ်မက်လေး ပျောက်ကွယ်သွားမလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: DotEsports