ကစားသမား အားလုံးကို အသင်းကနေ ထုတ်ပယ်ပစ်ခဲ့တဲ့ ပရိုဖက်ရှင်နယ် Dota 2 အသင်း Winstrike

CIS အခြေစိုက် ပရိုဖက်ရှင်နယ် Dota 2 အသင်း တစ်သင်းဖြစ်တဲ့ Winstrike အနေနဲ့ အသင်း လက်အောက်ခံ Dota 2 ကစားသမား အားလုံးကို အသင်းကနေ အနားပေးလိုက်ပြီဖြစ်ကြောင်း တရားဝင် ကြေငြာ သွားခဲ့ပြီ ဖြစ်ပါတယ်။

Winstrike အနေနဲ့ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလမှာ အလုံးစုံ ပြုပြင် ပြောင်းလဲမှုတွေ ပြုလုပ်ဖို့ အတွက် CIS ဒေသရဲ့ နာမည်ကျော် နည်းပြတစ်ဦးဖြစ်သူ Arsenji “ArsZeeqq” Usov ကို ခေါ်ယူခဲ့ပြီး နည်းပြ စိတ်ကြိုက် ကစားသမားတွေနဲ့ အသင်းကို ပြန်လည် ဖွဲ့စည်းစေဖို့ ArsZeeqq ကို တာဝန်ပေးခဲ့ပါတယ်။

ArsZeeqq

ဒါပေမယ့်လည်း လက်ရှိအချိန်ထိ ArsZeeqq ဦးဆောင်တဲ့ Dota 2 အသင်း အနေနဲ့ ရှုံးနိမ့်မှုတွေကိုသာ ဆက်တိုက် ဆိုသလို ရင်ဆိုင်ခဲ့ရတာကြောင့် Winstirke Dota 2 အသင်းရဲ့ နည်းပြဖြစ်သူ ArsZeeqq ၊ မန်နေဂျာဖြစ်သူ Marie Gunina တို့ အပါအဝင် အသင်းသား အားလုံးကို အခုလို အသင်းကနေ ထုတ်ပယ်ပစ်ခဲ့ရတာပဲ ဖြစ်ပါတယ်။

Winstrike Ex Rosters

Winstrike Dota 2 အသင်းရဲ့ အသင်းသား အားလုံးကို ထုတ်ပယ်ခဲ့ရခြင်းနဲ့ ပတ်သတ်ပြီး Winstrike Esports အဖွဲ့အစည်းရဲ့ ဒါရိုက်တာဖြစ်သူ Adrej Kvasnevskij ကတော့ အခုလိုပဲ ပြောကြားသွားခဲ့ပါတယ်။

“Winstrike Dota 2 အသင်းရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သတ်ပြီး ကျွန်တော့်ဘက် ပြောနိုင်တာ တစ်ခုပဲ ရှိပါတယ်။ အဲဒါကတော့ အတော်လေးကို ဆိုးဝါလွန်းတယ် ဆိုတာပါပဲ။ ကျွန်တော်တို့ ရွေးချယ်ခဲ့တဲ့ နည်းလမ်းက မအောင်ခဲ့ဘူးလို့ သတ်မှတ်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း အသင်းသားတွေ အားလုံးကို ထုတ်ပယ်ပစ်ခဲ့ပြီး နည်းလမ်းသစ် တစ်ခုကို ပြောင်းလဲ အသုံးပြုသွားဖို့ ကြံရွယ်ခဲ့ရတာ ဖြစ်ပါတယ်။”

အခုလို Winstrike Dota 2 အသင်းရဲ့ ကစားသမား အားလုံးကို ထုတ်ပယ်လိုက်ပြီဖြစ်ကြောင်း ကြေငြာပြီး သိပ်မကြာခင် အချိန်အတွင်းမှာပဲCIS အခြေစိုက် Modus Unity Dota 2 အသင်းရဲ့ ကစားသမားတွေကို ခေါ်ယူလိုက်ပြီဖြစ်ကြောင်း တရားဝင် ထုတ်ပြန်ကြေငြာသွားခဲ့ပါတယ်။

Modus Unity Dota 2 အသင်းကို အသက်အရွယ် ငယ်ရွယ်တဲ့ ကစားသမားတွေနဲ့ ဖွဲ့စည်းထားတာဖြစ်တဲ့ အပြင် အဆိုပါ ကစားသမားတွေနဲ့ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ဆက်တိုက် ဆိုသလို ပြသလျက် ရှိတာကြောင့် Winstrike Dota 2 အသင်း အနေနဲ့ အခုလို ခေါ်ယူလိုက်ရတာ ဖြစ်ပါတယ်။

Winstrike Dota 2 အသင်းရဲ့ လက်ရှိကစားသမား စာရင်းကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • Stanislav “чикиряу” Yarosevich
  • Nikita “Young G” Bochko
  • Vladislav “DKFogas” Frolov
  • Sergey “[T]SA” Timchenko
  • Dmitrii “kickeed” Pilyayev

REF: VpEsports