ရုံးခန်းမရှိဘဲ အလုပ်လုပ်တာက ဘာအကျိုးအမြတ်ရလဲ ၊ ဘာခက်ခဲမှုတွေရောရှိမလဲ

စာရေးသူတို့ရဲ့ လောကကြီးကပြောင်းလဲလာပါပြီ။ ဆက်သွယ်ရေးစနစ်အသစ်တွေနဲ့ ဒီနေ့ခေတ်ရဲ့ ကွဲပြားတဲ့ ခံယူချက်တွေကိုပဲ ကျေးဇူးတင်ရမယ်။ စာရေးသူတို့ရဲ့ လုပ်ငန်းခွင်အပြင်အဆင်တွေနဲ့ လုပ်နည်းကိုင်နည်းတွေက အရင်ကလိုမဟုတ်တော့ဘဲ ပြောင်းလဲလာပါပြီ။

ဒီနေ့ခေတ်စွန့်ဦးတီထွင်သူတစ်ယောက်အတွက် ရုံးခန်းအပိုင်မရှိဘဲနဲ့ လုပ်ငန်းတစ်ခုကို စတင်ဖို့ဆိုတာ ဖြစ်နိုင်လာပါပြီ။ ဒီဂျစ်တယ်ခေတ်ကြီးမှာ အင်တာနက်တွေ ၊ နည်းပညာတွေကို အားကိုးပြီးတော့ စွန့်ဦးတီထွင်တဲ့သူတွေက သူတို့ဝန်ထမ်းတွေ ၊ လုပ်ဖော်ကိုင်ဖက်တွေ ၊ ဖောက်သည်တွေနဲ့ ရုံးခန်းကြီးမှာ ထိုင်ပြီးဆွေးနွေးတိုင်ပင်လုပ်ကိုင်နေစရာမလိုတော့ဘဲ အွန်လိုင်းပေါ်ကနေ ချိတ်ဆက်လုပ်ကိုင်နိုင်ပါပြီ။ ရုံးခန်းမရှိဘဲ လုပ်ငန်းလုပ်ရင် ထင်ရှားတဲ့ အားသာချက်တွေရှိတယ်ဆိုပေမယ့် ဒီနေ့ခေတ်အခြေအနေနဲ့ အဆင်ရောပြေပါ့မလားဆိုတာကလည်း ထည့်စဉ်းစားစရာပေါ့။

အားသာချက်တွေ


ရုံးခန်းမရှိဘဲနဲ့ လုပ်ငန်းတစ်ခုကို စတင်ရင် ဘယ်လိုကောင်းကျိုးတွေရနိုင်မလဲ အရင်ဆုံးကြည့်ကြည့်ရအောင်နော်။

စတင်မှုအတွက်ကုန်ကျစရိတ်သက်သာမယ်


လုပ်ငန်းတစ်ခုစဖို့အတွက် ရုံးခန်းငှားတာနဲ့တင် တော်တော်ဈေးကြီးနေပါပြီ။ ကိုယ်ငှားလိုက်တဲ့ အလုပ်သမားတိုင်းအတွက် အသုံးလိုတဲ့ ပစ္စည်းကိရိယာတွေ လိုလာလိမ့်မယ်။ ကိုယ့်ရဲ့အလုပ်သမားတစ်ယောက်စီတိုင်းအတွက် ခုံ ၊ စားပွဲ ၊ ကွန်ပျုတာနဲ့ တခြားလိုအပ်တာတွေ ဝယ်ပေးတာနဲ့တင် ပိုက်ဆံသိန်းနဲ့ချီ ကုန်နိုင်ပါတယ်။ ဒါတောင် ရုံးခန်းကိုပြန်ပြီး ပြင်ဆင်မွန်းမံတဲ့ စရိတ်တွေမပါသေးဘူးနော်။ နောက်ပြီးရုံးခန်းကို ဆွဲဆောင်မှုရှိအောင် အလှဆင်တာတွေ ၊ ဘာတွေကလည်း အများကြီးကုန်ကျဦးမှာပါ။ ရုံးခန်းမရှိရင် ဒီစရိတ်တွေက ကုန်စရာမလိုတော့ဘူးလေ။

လစဉ်အထွေထွေ ကုန်ကျစရိတ်သက်သာမယ်


ကိုယ်ကမွေးရာပါ သူဌေးသားသမီးမို့လို့ တိုက်ခန်းတွေဝယ်လိုက်ပြီး လုပ်ငန်းကြီးစနိုင်ရင်တော့တစ်မျိုးပေါ့နော်။ မဟုတ်ဘဲ အခုမှလုပ်ငန်းလေးစထောင်မယ့် စွန့်ဦးတီထွင်တဲ့သူဆိုရင်တော့ တိုက်ခန်းငှားတာလောက်ပဲ တတ်နိုင်မှာလေ။ လစဉ်တိုက်ခန်းငှားစရိတ်နဲ့တင် တော်တော်ကိုပြုတ်နေလောက်ပြီ ၊ ပြီးရင်အင်တာနက်လိုင်းက ကုန်တာတွေ ၊ မီတာခတွေဘာတွေကလည်း ကုန်ဦးမှာလေ။ ဒီလိုပိုက်ဆံကုန်တာတွေက အကျိုးအမြတ်ရဖို့ အများကြီးခက်ခဲစေပါတယ်။ ဒါပေမယ့် ရုံးခန်းမသုံးဘဲ အိမ်မှာပဲအင်တာနက်ကို အားကိုးပြီး အလုပ်လုပ်မယ်ဆိုရင်တော့ ပိုက်ဆံကုန်တာအရမ်းသက်သာစေပြီး အကျိုးအမြတ်ကို အပြည့်အဝခံစားရမှာပါ။

သွားရေးလာရေးကြာချိန်လည်းနည်းပါတယ်


ရန်ကုန်မှာဆိုရင် အလုပ်သွားဖို့ကို ကား ၊ ရထား ၊ ဘတ်စ်တွေ တစ်နေ့ကို အနည်းဆုံး တစ်နာရီ ၊ နှစ်နာရီလောက်တော့ စီးရပါတယ်။ တကယ်အလုပ်လုပ်တဲ့အချိန် ရှစ်နာရီနဲ့ အသွားအပြန် လေးနာရီပေါင်းလိုက်ရင် တစ်နေ့မှာ ၁၂ နာရီလောက် အချိန်ကုန်နေပါတယ်။ တကယ်လို့သာ သွားရလာရတဲ့အချိန်တွေသာ မကုန်ဘူးဆိုရင် ဒီအချိန် ၄ နာရီလောက်ကို စီးပွားရေးအကြံဉာဏ်တွေထုတ်တာနဲ့ တခြားအကျိုးရှိတဲ့ အရာတွေလုပ်နိုင်မှာပါ။

ခန့်မယ့်ဝန်ထမ်း ရွေးချယ်ရတာ လွယ်ကူတယ်


ရုံးခန်းမရှိတဲ့အတွက် ကိုယ့်လုပ်ငန်းရဲ့ဖောက်သည်တွေကို အထင်ကြီးအောင်လုပ်ဖို့လည်း လူလုံးပြစရာမလိုတော့ဘူး။ ဒီတော့ နိုင်ငံထဲမှာရှိတဲ့ ဘယ်နေရာ ၊ ဒေသက လူကိုမဆို ငှားလို့ရတယ်။ ကိုယ့်နိုင်ငံအပြင်မှာရောက်နေတဲ့လူကိုတောင် အလုပ်ခန့်နိုင်ပါတယ်။ ဒီလိုမတူညီတဲ့နေရာက ၊ မတူညီတဲ့သူတွေကို အလုပ်ခန့်တာကနေ ရနိုင်တာက မတူညီတဲ့အတွေးအခေါ်တွေနဲ့ ရိုးရာဓလေ့တွေပဲ။ နေရာဒေသအစုံကလူတွေကို အလုပ်ခန့်တာက လုပ်ငန်းမှာပြန်အသုံးချစရာ တော်တော်များများကို ရှာဖွေတွေ့ရှိနိုင်မယ့်အရာလို့လည်း ပြောနိုင်ပါတယ်။

အလုပ်သမားဘက်ကကြည့်ရင်လည်းအဆင်ပြေတယ်


အလုပ်သမားတွေအနေနဲ့လည်း ရုံးသွားစရာမလိုလို့ အဝတ်အစားစရိတ်စကတွေ ၊ လမ်းသွားစရိတ်တွေကုန်ကျတာလည်း သက်သာမယ်။ ရုံးကိုသွားစရာမလိုတာကြောင့် အဆင်ပြေတဲ့နေရာမှာ အဆင်ပြေသလို သက်သောင့်သက်သာလုပ်နိုင်မယ်။ အပြင်ရောက်နေရင်လည်း ကွန်ပျူတာလေးကောက်ဖွင့်ပြီးလုပ်လို့ရတယ်။ အင်တာနက်မိနေသ၍ ဘယ်နားမှာမဆို အလုပ်လုပ်လို့ရလို့ အရမ်းကိုအဆင်ပြေပါတယ်။ လစာဆိုရင်လည်း ဘဏ်ကနေအချိန်တန်သွားထုတ်လိုက်ရုံပဲလေ။

အနေဝေးတဲ့အလုပ်သမားတွေအတွက် အဓိကအတားအဆီးတွေ


ရုံးခန်းမရှိဘဲ ဒီဂျစ်တယ်စနစ်ကို အားကိုးပြီး အလုပ်လုပ်တာရဲ့ အားသာချက်တွေကို ပြောပြီးပြီဆိုတော့ အတားအဆီးလေးတွေကို ကြည့်လိုက်ရအောင်

ပူးပေါင်းဆောင်ရွက်မှု


နည်းပညာနဲ့ဆက်သွယ်ပြီး အလုပ်လုပ်တာက တခြားနိုင်ငံမှာ တွင်ကျယ်နေပေမယ့် ဒီမှာကတိုးတက်နေတုန်းပဲရှိပါသေးတယ်။ မျက်နှာချင်းဆိုင်တွေ့ပြီး ပြောဆိုဆက်ဆံတာကိုတော့ အပြည့်အဝ အစားထိုးနိုင်ဦးမှာမဟုတ်ဘူး။ အစည်းအဝေးတွေ ၊ ဆွေးနွေးတာတွေကို Video Chat နဲ့ လုပ်တဲ့အခါမှာ အခက်အခဲတွေ တွေ့နိုင်ပါသေးတယ်။ အချိန်ညှိမရတာတို့ ၊ လိုင်းမကောင်းတာတို့ကြောင့် ပြောချင်တဲ့အချက်အလက်တွေ ၊ အကြံဉာဏ်တွေကို ထိထိရောက်ရောက် လက်ခံရရှိနိုင်တာတွေကို အဟန့်အတားဖြစ်စေပါတယ်။

Personal နဲ့ Professional ပိုင်းမှာ ရောထွေးလာတာ


ကိုယ်ကအိမ်ကနေအလုပ်လုပ်နေတဲ့ စွန့်ဦးတီထွင်နေသူတစ်ယောက်ဆိုရင် ကိုယ့်ရဲ့အလုပ်ချိန်မှာ Personal ကိစ္စတွေလုပ်မိတာတွေ ဘာတွေဖြစ်လာနိုင်သလို ၊ ကိုယ့်ရဲ့အလုပ်သမားကလည်း ကိုယ့်လိုပဲ ဖြစ်ရင်ဖြစ်နေမှာပါ။ ဒါကကိုယ့်ရဲ့လုပ်နိုင်စွမ်းနဲ့ ကိုယ့်ရဲ့ကိုယ်ပိုင် ပျော်ရွင်မှုအပေါ်ကို သက်ရောက်မှုတွေရှိလာနိုင်ပါတယ်။

ကိုယ့်လုပ်ငန်းရဲ့ Image


ရုံးခန်းတွေမရှိဘဲ အလုပ်လုပ်တာက ဘယ်လောက်ပဲ အကျိုးရှိပါတယ်ပြောပြော ၊ ရုံးခန်းသားသားနားနားကိုမှ အထင်ကြီးတဲ့သူတွေက ဒုနဲ့ဒေးပါ။ ဒါကြောင့် ရုံးခန်းမရှိဘဲ အလုပ်လုပ်တာက တစ်နည်းအားဖြင့် ကိုယ့်လုပ်ငန်းရဲ့ Image ကိုတော့ ဆိုးကျိုးလေးတွေ ပေးနိုင်ပါတယ်။ ဒါပေမယ့်တစ်ခုတော့ရှိတာပေါ့။ ကိုယ့်လုပ်ငန်းက အရမ်းဝန်ဆောင်မှုကောင်းပြီး အဆင့်အတန်းမီရင်တော့ ရုံးခန်းတွေဘာတွေ မရှိရင်လည်း လူထင်ကြီးခံရမှာပါပဲ။

ဒီတော့ ပရိသတ်ကြီးတို့ရော ဘယ်လိုမြင်လဲ။ ရုံးခန်းမရှိဘဲ အွန်လိုင်းနဲ့ပဲ အလုပ်လုပ်တာကကောင်းလား ၊ ရုံးခန်းရှိတာက ပိုပြီးကောင်းလား။ ရုံးခန်းမရှိရင်ရော တခြားဘာပြဿနာတွေ ကြုံတွေ့နိုင်သေးလဲ ၊ ဘယ်လိုကောင်းကျိုးတွေရော ရနိုင်မလဲ။ စာရေးသူပြောတာတွေကိုရော သဘောတူရဲ့လားပေါ့။

Ref: tech.co

Piki(Akhayar)