LoL 2020 Mid-Season Invitational ပြိုင်ပွဲကြီးကို ဖျက်သိမ်းလိုက်ပြီဖြစ်တဲ့ Riot Games

LoL 2020 Mid-Season Invitational ပြိုင်ပွဲကြီးကို ဖျက်သိမ်းလိုက်ပြီဖြစ်တဲ့ Riot Games

Riot Games ကတော့ နှစ်စဉ်နှစ်တိုင်း ကျင်းပလျက်ရှိတဲ့ နိုင်ငံတကာ အဆင့် ဒုတိယ အကြီးမားဆုံး LoL ပြိုင်ပွဲဖြစ်တဲ့ Mid-Season Invitational 2020 ပြိုင်ပွဲကို ယခုနှစ်မှာ ကျင်းပသွားမှာ မဟုတ်ကြောင်း တရားဝင် ကြေညာသွားခဲ့ပြီ ဖြစ်ပါတယ်။

MSI ပြိုင်ပွဲကို ယခင်နှစ်တွေက မေလ အတွင်းမှာ ကျင်းပလေ့ ရှိပေမယ့် ယခုနှစ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက် ပြန့်ပွားမှုကြောင့် ဇူလိုင်လအထိ ရက်ရွေ့ဆိုင်းသွားခဲ့ပေမယ့်လည်း လက်ရှိအချိန်ထိ COVID-19 ကမ္ဘာ့ကပ်ရောဂါ အန္တရာယ်ကို ထိန်းချုပ်နိုင်ခြင်း မရှိသေးတာကြောင့် အခုလို ဖျက်သိမ်းဖို့ အတွက် ဆုံးဖြတ်ခဲ့ရတာ ဖြစ်ပါတယ်။

“ကျွန်တော်တို့ရဲ့ ကျန်းမာရေးဆိုင်ရာ အကြံပေးတွေရဲ့ အကြံပြုချက်များအရ COVID-19 ကမ္ဘာ့ကပ်ရောဂါ အန္တရာယ်ဟာ လက်ရှိအချိန်အတွင်း ထိန်းချုပ်နိုင်ဖို့ အတွက် အခက်အခဲတွေနဲ့ ရင်ဆိုင်ရလျက် ရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် MSI 2020 ပြိုင်ပွဲကို ကျင်းပသွားဖို့ လျာထားတဲ့ ဇူလိုင်လ ၃ ရက်နေ့မှာ ကျင်းပဖို့ အတွက်ဟာ ဆိုရင်လည်း ခရီးသွား ကန့်သတ်ချက်တွေ၊ လူအစုအဝေးနဲ့ ကျင်းပခွင့် ကန့်သတ်ချက်တွေကြောင့် ကျင်းပသွားဖို့ရာ ဖြစ်နိုင်ခြင်း မရှိသေးပါဘူး။ ဒါကြောင့် MSI 2020 ပြိုင်ပွဲကို ဖျက်သိမ်းဖို့ အတွက် ဆုံးဖြတ်ခဲ့ရတာ ဖြစ်ပါတယ်။”

အခုလို MSI 2020 ပြိုင်ပွဲကို ကျင်းပခြင်း မရှိတော့ပေမယ့် Riot Games အနေနဲ့ အခြားသော အွန်လိုင်း ပြိုင်ပွဲများကို အစားထိုး ကျင်းပနိုင်ဖို့ အတွက် ပြိုင်ပွဲဝင် အသင်းတွေနဲ့ ညှိနှိုင်းလျက် ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ (၁၈) လ အတွင်း စွမ်းဆောင်ရည်များ အပေါ် အခြေခံပြီး Worlds 2020 ပြိုင်ပွဲမှာ LEC ပြိုင်ပွဲဝင် အသင်း (၄) သင်း၊ LPL ပြိုင်ပွဲဝင် အသင်း (၄) သင်း အထိ ကိုယ်စားပြု ယှဉ်ပြိုင်စေဖို့ ဆုံးဖြတ်ချက် ချမှတ်ခဲ့ပါတယ်။

ဒါ့အပြင် ယခင်နှစ် MSI ပြိုင်ပွဲတွေမှာ ဗီယက်နမ် အခြေစိုက် VCS ပြိုင်ပွဲဝင် အသင်းတွေ အနေနဲ့ စွမ်းဆောင်ရည်ကောင်းတွေ ပြသနိုင်ခဲ့တာကြောင့် World 2020 ပြိုင်ပွဲမှာ VCS ကိုယ်စားပြု အသင်းနှစ်သင်း ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိမှာ ဖြစ်ပါတယ်။

REF: OneEsports