တောင်သူလယ်သမားများဖွံ့ဖြိုးရေးဘဏ်လီမိတက် - မန္တလေးက လိုအပ်သည့်လူမှုအသိုင်းအဝိုင်းများကို ထောက်ပံ့ကူညီရန် ရည်ရွယ်ထားသော Share with Love လူမှုအကျိုးပြုလုပ်ငန်းအစီအစဉ်ကို စတင်မိတ်ဆက်

တောင်သူလယ်သမားများဖွံ့ဖြိုးရေးဘဏ်လီမိတက် - မန္တလေးက လိုအပ်သည့်လူမှုအသိုင်းအဝိုင်းများကို ထောက်ပံ့ကူညီရန် ရည်ရွယ်ထားသော Share with Love လူမှုအကျိုးပြုလုပ်ငန်းအစီအစဉ်ကို စတင်မိတ်ဆက်

မြန်မာနိုင်ငံရှိ အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများအတွက် ဒစ်ဂျစ်တယ်နည်းပညာဗဟိုပြု ထိပ်တန်းကူးသန်းရောင်းဝယ်ရေးဘဏ်တစ်ခု ဖြစ်လာရန် အကောင်အထည်ဖော်လျက်ရှိသော တောင်သူလယ်သမားများဖွံ့ဖြိုးရေးဘဏ်လီမိတက် - မန္တလေးသည် လူမှု အသိုင်းအဝိုင်းအတွင်း၌ မေတ္တာတရားနှင့် ဂရုဏာတရား၏ အရေးပါမှုကို ကောင်းစွာသိရှိနားလည်ထားသည်။ ထို့ကြောင့် ဘဏ်အနေဖြင့်ထားရှိသော စံတန်ဖိုးများကိုအကောင်အထည်ဖော်ရန်နှင့် အများပြည်သူတို့၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်ကာ “Share with Love” လူမှုအကျိုးပြုလုပ်ငန်းအစီအစဥ်ကို စတင်အကောင်အထည်ဖော်ခဲ့သည်။ ဤအစီအစဉ်မှတစ်ဆင့် လူမှုဝန်းကျင်၌ ပေါ်ပေါက်လာသော လိုအပ်ချက် များကို ဖြည်ဆီးပေးနိုင်မည့် အရေးပေါ်ရန်ပုံငွေများနှင့် အထောက်အပံ့များကို ထောက်ပံ့ပေးသွားမည်ဖြစ်သည်။

တောင်သူလယ်သမားများဖွံ့ဖြိုးရေးဘဏ်လီမိတက် - မန္တလေးသည် “Shae with Love” လူမှုအကျိုးပြုလုပ်ငန်း အစီအစဥ်စတင်သည့် အထိမ်းအမှတ်အနေဖြင့် ဘိုးဘွားများကို ပြုစုစောင့်ရှောက်လျက်ရှိသော  နှင်းဆီကုန်း ဘိုးဘွားရိပ်သာနှင့် ကလေးငယ်များကိုထိန်းသိမ်းပြုစုစောင့်ရှောက်ပေးလျက်ရှိသော  ခိုင်နှင်းဝေ‌ရင်သွေးလေး များဂေဟာကို သွားရောက်လှူဒါန်းခဲ့သည်။  နှင်းဆီကုန်းဘိုးဘွားရိပ်သာတွင် နေထိုင်ကြသော ဘိုးဘွားများ အတွက် ငွေကျပ်သိန်း ၅၀ တန်ဖိုးရှိ ဆန်၊ ဆီ၊ ဆေးဝါးများနှင့် တစ်နေ့တာ စားသောက်ဖွယ်ရာများကိုသော် လည်းကောင်း၊ ခိုင်နှင်းဝေရင်သွေးလေးများဂေဟာ ရှိ ကလေးငယ်များအတွက် ကျပ်သိန်း ၅၀ တန်ဖိုးရှိ နို့မှုန့်ဗူးများ၊ diaper များနှင့် ဝန်ထမ်းများအတွက် နေ့လယ်စာကို သော်လည်းကောင်း ပေးအပ်ခဲ့သည်။ ထို့ပြင် ငွေကျပ်သိန်း ၁၀၀ တန်ဖိုးရှိ အလားတူလှူဒါန်းမှုကိုလည်း မန္တလေးမြို့၊ ပြည်ကြီးတံခွန်ရှိ YGW ပရဟိတမိဘမဲ့ ကျောင်းတွင် ပြုလုပ်ခဲ့သည်။ ဤလူမှုအကျိုးပြုလုပ်ငန်း အစီအစဥ်မှတစ်ဆင့် ဝေးလံခေါင်သီသောဒေသများသို့ လှူဒါန်းမှုများပြုလုပ်ကာ လူမှုဝန်းကျင်အား တစ်ဖက်တစ်လမ်းမှ ထောက်ပံ့‌မြှင့်တင်ပေးသွားရန် ဆက်လက် ကြိုးပမ်းသွားမည် ဖြစ်သည်။

တောင်သူလယ်သမားများဖွံ့ဖြိုးရေးဘဏ်လီမိတက် - မန္တလေးသည် ဘိုးဘွားများနှင့် ကလေးငယ်များကို ပြုစု စောင့်ရှောက်နေကြသော ဂေဟာများရှိဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများ ပျော်ရွှင်စွာပါဝင်ပြီး လက်ဆောင် ရယူနိုင်သည့် လက်ဆောင်ကံစမ်းအစီအစဥ်ကို ပြုလုပ်ခဲ့သည်။ ထို့အပြင် ဘဏ်ဝန်ထမ်းများကလည်း ခိုင်နှင်းဝေ ရင်သွေးလေးများဂေဟာနှင့် YGW ပရဟိတမိဘမဲ့ကျောင်းရှိ ကလေးငယ်များနှင့် အတူတကွ ဂိမ်းများ ဆော့ကစားခဲ့ကြသည်။

တောင်သူလယ်သမားများဖွံ့ဖြိုးရေးဘဏ်လီမိတက် - မန္တလေး၏ အမှုဆောင်အရာရှိချုပ်ဦးဝင်းလွင်က “Covid-19 ကပ်ရောဂါနဲ့ စီးပွားရေးအပြောင်းအလဲတွေကြောင့် လူတော်တော်များများက သူတို့ရဲ့ အခြေခံလိုအပ်ချက် တွေကို ဖြည့်ဆည်းနိုင်ဖို့တောင် ခက်ခဲလာကြတာကိုတွေ့ရပါတယ်။ ဒီလိုခက်ခဲချိန်မှာ လိုအပ်နေတဲ့သူတွေကို တတ်အား သရွေ့ လက်ကမ်းကူညီပေးဖို့က အင်မတန်မှ အရေးကြီးပါတယ်။ ဒါကြောင့် ကျွန်တော်တို့ FDB ဘဏ် - မန္တလေးက ဝန်ထမ်းတွေရယ်၊ Excellent Fortune Foundation (EFF Foundation) ရယ် ပူးပေါင်းပြီး  ဒီ Share with Love လူမှုအကျိုးပြုလုပ်ငန်းအစီအစဉ်ကနေတစ်ဆင့် ရှေ့တန်းမှာ ပရဟိတလုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ အဖွဲ့အစည်း တွေကို လှူဒါန်းမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ပတ်ဝန်းကျင်မှာဖြစ်ပေါ်နေတဲ့ အခက်အခဲတွေကို တွေ့မြင်နေရတဲ့အတွက် အနာဂတ်မှာလည်း တတ်နိုင်သမျှ ထောက်ပံ့မှုတွေ ပြုလုပ်ပေးသွားမယ်လို့လည်း ကတိပြုပါတယ်။ အားလုံးကိုလည်း ဒီလိုလှူဒါန်းထောက်ပံ့မှုတွေမှာ တတပ်တအားနဲ့ ပါဝင်ကြဖို့ တိုက်တွန်း လိုပါတယ်။ ငွေကြေးလှူဒါန်းတာဖြစ်စေ၊ အလှူဒါနဖြစ်မြောက်အောင် လုပ်အားနဲ့ပါဝင်ကူညီပေးတာဖြစ်စေ၊ ကျွန်တော်တို့ရဲ့ Share with Love အစီအစဉ်အကြောင်းကို ပြန်လည်မျှဝေပေးတာပဲဖြစ်စေ ဘယ်လိုပါဝင်မှုမျိုး ဖြစ်ဖြစ် အရေးပါပါတယ်။ FDB ဘဏ် - မန္တလေးအနေနဲ့ Share with Love လူမှုအကျိုးပြုလုပ်ငန်းအစီအစဉ်ဟာ မေတ္တာတရားနဲ့ ဂရုဏာတရားကိုမျှဝေသွားဖို့ အုတ်မြစ်တစ်ခုဖြစ်မယ်လို့ မျှော်လင့်ပါတယ်။ ကိုယ်လှူလိုက်တဲ့ ပမာဏ၊ ကူညီထောက်ပံ့လိုက်တဲ့အရာတစ်ခုက ကိုယ့်အတွက်သေးငယ်ကောင်း သေးငယ်နိုင်ပေမဲ့ လက်ခံရရှိသူ အတွက်တော့ အထောက်အပံ့ကောင်းတစ်ခု ဖြစ်သွားနိုင်တယ်လို့ ယုံကြည်ပါတယ်။” ဟုပြောကြားသွားခဲ့သည်။

လူမှုအကျိုးပြုလုပ်ငန်းများစွာ လုပ်ကိုင်လျက်ရှိသော ခိုင်နှင်းဝေရင်သွေးလေးများဂေဟာ တည်ထောင်သူ မခိုင်နှင်းဝေကလည်း  “ဂေဟာမှာစောင့်ရှောက်ထားတဲ့ ကလေးငယ်တွေအတွက် လိုအပ်တဲ့ နို့မှုန့်နဲ့ diaper တွေကို စေတနာထက်သန်စွာနဲ့ လာရောက်လှူဒါန်းပေးတဲ့ FDB ဘဏ် - မန္တလေး ရဲ့ တာဝန်ရှိသူတွေနဲ့ ဝန်ထမ်းတွေကို ကျေးဇူးတင်ကြောင်းပြောလိုပါတယ်။ ဒီအလှူဟာ ကလေးတွေအတွက် အထောက်အကူ အများကြီးဖြစ်စေပါ တယ်။ ကျွန်မအနေနဲ့ကတော့ ကလေးငယ်တွေကို ကျန်းကျန်းမာမာနဲ့ ကောင်းကောင်းမွန်မွန် ကြီးပြင်းလာနိုင်ဖို့ ပြုစုပျိုးထောင်စောင့်ရှောက်ခြင်းက ပတ်ဝန်းကျင်အကျိုး၊ လူအများအကျိုး သယ်ပိုးနေတာလို့ ယုံကြည်ပါတယ်။ လူမှုအကျိုးပြုလုပ်ငန်းတွေ လုပ်ဆောင်ဖို့ စိတ်အားထက်သန်တဲ့ FDB ဘဏ် - မန္တလေးနဲ့ အနာဂတ်မှာလည်း လူမှုရေးလုပ်ငန်းတွေအများကြီး လက်တွဲလုပ်ဆောင်နိုင်ဖို့ မျှော်လင့်ပါတယ်။” ဟုပြောကြားခဲ့သည်။