ဘဝကို အကောင်းဖက် ပြောင်းလဲစေနိုင်တဲ့ နေ့စဉ် အမူအကျင့် ၁၀ မျိုး

ဘဝကို အကောင်းဖက် ပြောင်းလဲစေနိုင်တဲ့ နေ့စဉ် အမူအကျင့် ၁၀ မျိုး

ဆိုရိုးစကားတစ်ခုရှိပါတယ်။ ခင်ဗျားရဲ့ စိတ်နေသဘောထားဟာ ခင်ဗျားရောက်နိုင်တဲ့ နေရာပါပဲတဲ့။ အောင်မြင်နေတဲ့ လူတွေဟာ ဝုန်းခနဲ ဒိုင်းခနဲ အမြင့်ကို ထိုးတက်သွားတယ်ဆိုတဲ့သူတွေထက် ကိုယ်ဘာလုပ်နေတယ်ဆိုတာကို သိတယ်၊ တကိုယ်ရေစည်းကမ်းကောင်းတယ်၊တစ်ခုခုဆို ဖြစ်အောင်လုပ်ဖို့ အင်အားတွေလည်း ရှိတယ်ဆိုတဲ့အချက်တွေနဲ့ အမြင့်ကို လှမ်းတက်ကြသူတွေပါ။

ဒါကြောင့် အခုအချိန်မှာ ကိုယ့်ကို နောက်ပြန်ဆွဲချနေတဲ့ ရှေ့မရောက်အောင် တားဆီးနေတဲ့ အမူအကျင့်ဟောင်းတွေ ရှိရင် စွန့်ပယ်ဖို့ အချိန်ရောက်ပါပြီ။ ပျော်ရွှင်ဖို့ အလုပ်တွေ ပြီးမြောက်တဲ့ ဘဝမျိုး ရရှိအောင် ဒီအမူအကျင့်လေးတွေက တစ်ဆင့် ပြောင်းလဲကြည့်လို့ ရပါတယ်။

မနက်ခင်း အလေ့အကျင့်ကောင်းတစ်ခု ဖန်တီးပါ
မနက်စောစောထ လေ့ကျင့်ခန်းလုပ်ရတာ ကြိုက်လား၊ ဒါမှမဟုတ် Breakfast ကို အရသာရှိရှိစားရတာ ကြိုက်လား၊ ဘာပဲဖြစ်ဖြစ် မနက်ခင်းမှာ ကိုယ့်စိတ်ကြည်လင်စေမယ့် အရာ၊ တက်ကြွစေမယ့် အရာဆို လုပ်သာလုပ်ပါ။

80/20 စည်းမျဉ်းကို လိုက်နာပါ
၂၀% သော အလုပ်တွေဟာ အလုပ်ပြီးမြောက်မှု ၈၀% ကို ဦးတည်စေတာမျိုး လုပ်ပါ။ ဘယ်လိုမျိုးလဲဆိုတော့ နေ့တစ်နေ့စစချင်းမှာ အရေးအကြီးဆုံး ၊ ဒါမှမဟုတ် အခက်ခဲဆုံး အလုပ်ကို စလုပ်ပါ။ ဒီလို အလုပ်တွေဟာ နေ့တစ်နေ့ရဲ့ ပြီးသင့်တဲ့ အလုပ် ၈၀% ကို ပြီးသွားအောင် လုပ်တာနဲ့ တူပါတယ်။ ဒါတွေ ပြီးမှ တခြား အလုပ်တွေဘက်လှည့်ပါ။

စာဖတ်ပါ
စာအုပ်ဖတ်တယ်ဆိုတာက ရှေးရှေးတုန်းက ပြောသလို အသိဉာဏ်ဗဟုသုတကြွယ်ဝရုံတင်မဟုတ်ဘဲ ဖန်တီးနိုင်စွမ်းကိုပါ လှုံ့ဆော်ပေးပါတယ်။ စာဖတ်တာဟာ အာရုံစူးစိုက်မှုလည်း ကောင်းစေသလို စိတ်တည်ငြိမ်မှုလည်း ရပါတယ်။ ရသစာအုပ်တွေဟာ လူကို နူးညံ့စေသလို သုတစာအုပ်တွေဟာလည်း အသိဉာဏ်ကို ပိုပြီး သန်မာလာစေတာမို့ စာဖတ်ဖို့ အကြံပေးချင်တာ ဖြစ်ပါတယ်။

Multitasking မလုပ်ပါနဲ့
ကမ္ဘာပေါ်မှာရှိတဲ့ လူတွေထဲက ၂% သော လူတွေလောက်ပဲ အလုပ်အများကြီးကို တစ်ချိန်တည်းမှာ အာရုံစို်က်နိုင်တာ ဖြစ်ပါတယ်။ တစ်ကြိမ်တည်းမှာ အလုပ်နှစ်ခု၊ သုံးခုလုပ်မယ်ဆိုရင် အာရုံတွေ ထွေလာပြီး အမှားတွေ လုပ်မိလာပါလိမ့်မယ်။ ပြီးတော့ တစ်ချိန်မှာ အလုပ်အများကြီး လုပ်တာဟာ ထိရောက်မှုလည်း အားနည်းပါတယ်။ ဒါကြောင့် တစ်ခုဆို တစ်ခုကို အာရုံစိုက်ပြီး လုပ်စေချင်ပါတယ်။ တစ်နေ့တာ လုပ်ရမယ့် အလုပ်တွေကို စာရင်းလုပ်၊ ပြီးရင် အရေးအကြီးဆုံးကနေ စလုပ်ဖို့ပါပဲ။

ပျော်ရွှင်စရာတွေကို အသိအမှတ်ပြုပါ
နေ့တိုင်းဘဝမှာ ရုန်းကန်ပြီး စိတ်ညစ်စရာတွေ အလယ်ကျရောက်နေမယ်ဆိုရင် ဘဝက အောင်မြင်လည်း ပျော်စရာမကောင်းတဲ့ ဘဝဖြစ်နေမှာ အမှန်ပါပဲ။ ဒါကြောင့် မကောင်းတာ တစ်ခုခု ဖြစ်လာရင်လည်း နောက်ကောင်းဖို့ ဖြစ်လာတယ်ဆိုပြီး ဖြေသိမ့်ပါ။ အားတဲ့အချိန်မှာ ပိုက်ဆံမရလည်း Volunteer တွေ၊ ပရဟိတအလုပ်တွေလုပ်ပါ။ အိမ်က မိသားစုကို ချစ်သလို ကိုယ့်ကို ချစ်တဲ့သူတွေကိုလည်း အသိအမှတ်ပြုကြည့်ပါ။

အကောင်းမြင်စိတ်ရှိသူတွေကိုပဲ ပေါင်းသင်းပါ
လူဆိုတာ ကိုယ်အနီးကပ်ပေါင်းတဲ့သူ ၅ယောက်ရဲ့ ပျမ်းမျှအခြေအနေကို ရထားတဲ့သူပါတဲ့။ တော်တဲ့သူ ၅ ယောက်နဲ့ ပေါင်းနေရင် လိုက်တော်လာမယ်။ ညံ့နေတဲ့သူတွေနဲ့ ပေါင်းရင် ညံ့လာမယ်။ မြန်မာစကားပုံမှာဆို မုဆိုးနားနီး မုဆိုး၊ တံငါနားနီး တံငါ ဆိုတာနဲ့ ဆင်ပါတယ်။ ဒါကြောင့် ကိုယ်အားတိုင်းပေါင်းဖြစ်နေတဲ့၊ အချိန်အများကြီး ဖြုန်းဖြစ်နေတဲ့ လူတွေအကြောင်း ပြန်စဉ်းစားကြည့်ရပါမယ်။ တချို့လူတွေဟာ ကိုယ့်ကို မြှင့်တင်ပေးမယ့်သူတွေမဟုတ်ဘဲ ဆွဲချပစ်မယ့် သူမျိုးတွေ ဖြစ်နေတတ်ပါတယ်။

ကိုယ်လက်လေ့ကျင့်ခန်းလုပ်ဖို့ အချိန်ရှာပါ
ဘယ်လောက်ပဲ အချိန်ရှားနေနေ လေ့ကျင့်ခန်းလုပ်ဖို့ အချိန်ရှာသင့်ပါတယ်။ လေ့ကျင့်ခန်းလုပ်တာဟာ ကျွန်တော်တို့ရဲ့ ရုပ်ပိုင်းဆိုင်ရာပုံစံကိုပဲ ကောင်းစေတာမဟုတ်ဘဲ ဖန်တီးနိုင်မှုစွမ်းအားကိုလည်း မြှင့်တင်ပေးနိုင်ပါတယ်။

နားထောင်တတ်ပါစေ
နားထောင်ခြင်းဟာ ဒီနေ့ခေတ်စကားနဲ့ ပြောရင် အနုပညာတစ်ခုပါပဲ။ တခြားသူတွေ ပြောတာကို ဂရုစိုက်နားထောင်ပါ။ ဒီလိုနားထောင်တာဟာ သူတို့ကို ကိုယ်က တန်ဖိုးထားမှုကို ပြရုံတင်မဟုတ်ဘဲ တခြားသူတွေနေရာကလည်း ဝင်ခံစားတတ်လာစေပါတယ်။ စကားဝိုင်းကို တစ်ယောက်တည်း ဦးမထားပါနဲ့၊ ဒါမှမဟုတ်လည်း ပြောနေတဲ့စကားတွေဆီ အာရုံမရောက်ဘဲ ဒါပြီးရင် ဘာစားမယ်ဆိုတာမျိုးလည်း တွေးမနေသင့်ပါဘူး။ များများနားထောင်လေ၊ သင်ယူစရာတွေ များများရလေလို့ သဘောထားပြီး နားထောင်ကြည့်ဖို့ ပြောချင်ပါတယ်။

လူမှုကွန်ရက်နဲ့ ခဏအဆက်အသွယ်ဖြတ်ပါ
Digital ကမ္ဘာဟာ ဝင်မစီးမျောလို့ မရဘူး ဆိုပေမယ့် သုတေသနပြုမှုတွေအရတော့ လူမှုကွန်ရက်ပေါ်မှာ အချိန်ဖြုန်းမှု ပိုများလေလေ၊  စိတ်ကျရောဂါဖြစ်ဖို့ ပိုလွယ်လေလေပါပဲတဲ့။ စိတ်ဖိစီးမှုတွေနဲ့ စိတ်ညစ်ညူးမှုတွေကို လျော့ကျစေဖို့ လူမှုကွန်ရက်တွေကနေ မကြာခဏအနားယူပေးဖို့ လိုပါတယ်။ ဖုန်းနဲ့ Laptop ကို တစ်နေ့ကို တစ်နာရီလောက် ပါဝါပိတ်ပြီး အပြင်လောကမှာ နေကြည့်ပါဦး။

ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ
အလုပ်အတွက်၊ ဝင်ငွေအတွက်၊ တပါးသူတွေအတွက် ဂရုစိုက်နေသလို ကိုယ့်ကိုယ့်ကိုယ်လည်း ဂရုစိုက်ဖို့ လိုပါတယ်။ ခင်ဗျားရဲ့ ခံစားချက်တွေအတွက်၊ စိတ်ကျန်းမာရေးအတွက်၊ ကိုယ့်ကိုယ့်ကိုယ် ယုံကြည်မှုရှိဖို့အတွက် အချိန်တစ်ခုယူပါ။ သီချင်းနားထောင်တာ ဖြစ်ဖြစ်၊ ဝါသနာပါတာတစ်ခုခု သင်တာ ဖြစ်ဖြစ်၊ ရေအကြာကြီးစိမ်ချိုးလိုက်တာ ဖြစ်ဖြစ်၊ အစားကောင်းကောင်းစားလိုက်တာ ဖြစ်ဖြစ် တစ်ခုခုလုပ်ပြီး ကိုယ့်ကိုယ်ကိုယ် ပြန်ဂရုစိုက်လိုက်ပါ။

Yoe Lu (Akhayar)

www.akhayar.com
Source : Forbes.com