ကိုယ့်ကိုယ်ကိုယ်ရှေ့တန်းတင်သင့်တဲ့ အကြောင်းပြချက် ၃ ချက်ကိုဖတ်ပြီး ဒီလိုလေးတွေ ရှေ့တန်းတင်ကြရအောင်

ကိုယ့်ကိုယ်ကိုယ်ရှေ့တန်းတင်သင့်တဲ့ အကြောင်းပြချက် ၃ ချက်ကိုဖတ်ပြီး ဒီလိုလေးတွေ ရှေ့တန်းတင်ကြရအောင်

ကျွန်မတို့တွေက ကိုယ့်ကိုယ်ကိုယ် ရှေ့တန်းတင်ဖို့ မေ့နေတတ်ကြတယ်။ ဘဝဆိုတဲ့သံသရာမှာ ရှင်သန်နေချိန်မှာ အကြောင်းအရာအမျိုးမျိုးကြောင့် ကိုယ့်အတွက်ကိုယ် မစဉ်းစားမိခင်မှာ သူများအတွက်ပဲလုပ်ပေးနေမိတယ်။ ဒါပေမယ့် ကိုယ်တွေလည်း အသက်မငယ်တော့ဘူး။ အခုက ကိုယ့်ကိုယ်ကိုယ် ရှေ့တန်းတင်ပြီး ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ရမယ့်အချိန်ရောက်ပြီလေ။ ကိုယ့်ကိုယ်ကိုယ်ရှေ့တန်းတင်ပြီး တန်ဖိုးမထားမချင်း ဘယ်တော့မှပျော်ရွှင်နိုင်မှာ မဟုတ်ပါဘူး။
ကိုယ့်ကိုယ်ကိုယ်ရှေ့တန်းတင်ဖို့ ဘာတွေနဲ့စတင်ရမလဲဆိုတော့ ကိုယ့်ကျန်းမာရေးကိုကိုယ်ဂရုစိုက်တာ ၊ ကောင်းကောင်းအနားယူတာ ၊ ကိုယ်ဖြစ်ချင်တဲ့ဆန္ဒတွေကို ဖြစ်အောင်လုပ်တာ။ အခုလိုတွေပြောနေတာတောင်မှ ကိုယ့်ကိုယ်ကိုယ် ရှေ့တန်းတင်ဖို့ကို တွန့်ဆုတ်နေသေးတယ်ဆိုရင် အဲဒီစိတ်ကိုပြောင်းလဲသွားစေမယ့် ခိုင်မာတဲ့အကြောင်းပြချက်တွေကို ပြောပြသွားပါမယ်။

ကိုယ့်ကျန်းမာရေးအတွက်


ကိုယ့်ရဲ့လိုအပ်ချက်တွေကို တခြားအရာတွေအားလုံးထက် ရှေ့တန်းတင်ဖို့က ကိုယ့်ကျန်းမာရေးကြောင့်ပါ။ အလုပ်တွေအချိန်ပိုလုပ်ပြီး တာဝန်ကျေပွန်တာက ကုမ္ပဏီအတွက်တော့ ကောင်းရင်ကောင်းပါလိမ့်မယ် ၊ ဒါပေမယ့် ကိုယ့်ရဲ့ကျန်းမာရေးအတွက်တော့ လုံးဝကိုအထောက်အကူမပြုပါဘူး။ အလုပ်တွေပိပြီးတော့ ဆေးရုံဆေးခန်းရောက်သွားရင် ကိုယ့်ကိုကိုယ်ကလွဲပြီး ဘယ်သူမှလာကြည့်မှာမဟုတ်ပါဘူး။ ကိုယ့်ရဲ့ခန္ဓာကိုယ်က သူမခံနိုင်တော့ပါဘူးဆိုပြီး လက္ခဏာတွေပြနေတဲ့ကြားက ကိုယ်ကဘဝကိုဆက်ပြီးလျှောက်လှမ်းနေတယ်။ သူများတွေကိုကူညီနေတယ် ၊ နေ့စဉ်ဝေယျာဝိစ္စတွေမှာ လျစ်လျူရှုလို့ရတာတွေကိုလည်း လိုက်ပြီးလုပ်နေမိတယ်။ တစ်နေ့ကျတော့ ကိုယ်ဖုံးဖိထားသမျှ Stress တွေ ၊ Depression တွေက အုံလိုက်ကျင်းလိုက်ရောက်ချလာမယ်။ ဒါနဲ့ပဲခြေကုန်လက်ပန်းကျပြီး အနားယူလိုက်ရလိမ့်မယ်။ အလုပ်များလို့ အိပ်ရေးပျက်နေရင် ခုခံအားနည်းလာလိမ့်မယ်။ ဖျားနာမှုတွေပိုပြီး ဝင်လွယ်လိမ့်မယ်။ ဒါကြောင့် ကိုယ့်ဘဝမှာ ဘာတွေပဲလုပ်စရာတွေရှိရှိ ဘာတွေကိုပဲ ရှေ့တန်းတင်နေရပါစေ ၊ ကိုယ့်ကျန်းမာရေးကိုတော့ နောက်မှာမထားခဲ့ပါနဲ့။ သူကအမြဲရှေ့မှာရှိနေရပြီး တန်ဖိုးထားရမယ့်အရာပါ။ ဒါ့အပြင် နောက်တစ်ခုရှိတာက ကျန်းမာမှ လုပ်ငန်းဆောင်တာတွေကို ကြည်လင်ပြတ်သားတဲ့စိတ်နဲ့ လုပ်နိုင်မှာပေါ့။

ကိုယ့်ရဲ့ဆက်ဆံရေးတွေအဆင်ပြေလာမယ်

ကိုယ့်ကိုယ်ကိုယ်ပိုပြီးအာရုံစိုက်ပေးတဲ့အခါကျရင် ကိုယ့်နားမှာရှိတဲ့သူတွေနဲ့ကိုယ်နဲ့ ဆက်ဆံရေးက သိသိသာသာ စိုပြည်လာတာကို တွေ့ရပါလိမ့်မယ်။ ဘာလို့အဲဒီလိုဖြစ်လာမှာလဲလို့ တွေးနေလား။ ပြောရရင်ကွာ ကိုယ့်ကိုယ့်ကိုယ် အာရုံစိုက်ပြီးအချိန်ပေးရင် ကိုယ့်ရဲ့ချစ်သူကိုလည်း သူ့ကိုယ်ကိုယ်သူအချိန်ပေးဖို့ အခွင့်အရေးပေးသလိုပဲ။ ဒါကနှစ်ယောက်လုံးအတွက် ကောင်းတဲ့အရာလေ။ ကိုယ်ရဲ့ဘဝမှာပျော်ရွှင်နေမယ်ဆိုရင် ကိုယ့်ရဲ့စိတ်အခြေအနေကလည်း ကောင်းနေမှာလေ။ ဒါကြောင့် ကိုယ်ကကောင်းကောင်းအနားယူထားမယ် ၊ ကိုယ့်ကျန်းမာရေးကလည်းဒေါင်ဒေါင်မြည်ဖြစ်ပြီး စိတ်ဓာတ်တွေတက်ကြွနေမယ်ဆိုရင် ကိုယ်နဲ့ပေါင်းရတဲ့သူတွေလည်း ဝမ်းသာနိုင်မယ်။ ကိုယ့်နားမှာနေချင်လာမယ်။ တွေးကြည့်ကြည့်လိုက် ကိုယ်ကတစ်ချိန်လုံး စိတ်ဓာတ်ကျနေမယ် ၊ ပင်ပန်းနေမယ် ၊ အားနည်းနေမယ်ဆိုရင် ဘယ်သူမှကိုယ်နဲ့ပေါင်းချင်တော့မှာ မဟုတ်ပါဘူး။

ကိုယ့်ကို ပိုပြီးပျော်ရွှင်စေမယ်

ကိုယ့်ဘဝကဘာလို့အမြဲ စိတ်ပျက်စရာကောင်းပြီး မပျော်မရွှင်ဖြစ်နေရတာလဲဆိုပြီး တွေးဖူးလား။ အဲဒါဘာဖြစ်လို့လဲဆိုတော့ ကိုယ်ကကိုယ့်ရဲ့အချိန်တွေကို သူများတွေပျော်ရွှင်ဖို့အတွက်ပဲ အသုံးချနေလို့။ ကိုယ့်အတွက်ကိုယ်ရပ်တည်ဖို့ တွန့်ဆုတ်မနေပါနဲ့။ ကိုယ် Spa သွားချင်တာဖြစ်ဖြစ် ၊ သီချင်းနားထောင်ပြီး အော်ဆိုလိုက်ချင်တာဖြစ်ဖြစ် ၊ အပြင်သွားပြီးလျှောက်လည်ချင်တယ်ဆိုရင် ဘာမှတွေဝေမနေဘဲ လုပ်သာလုပ်လိုက်ပါ။ ဘဝမှာရှင်သန်ရတာတစ်ခါတည်းလေ ၊ နေနေရတုန်း အပြတ်နေလိုက်ပါလား။ ကိုယ့်အတွက်ကိုယ်အချိန်ကိုအသုံးချရမယ်။ ဒါကိုယ်ပိုင်တဲ့အချိန်တွေပဲလေ။ အလုပ်ကိစ္စတွေရှိနေရင်လည်း အချိန်ရွှေ့လိုက်ပြီး ကိုယ်လုပ်ချင်တဲ့အရာတွေကို ပြောင်းမှတ်ထားလိုက်။ အဲဒီလိုလုပ်လိုက်ပြီးရင် ကိုယ်ဘယ်လောက်ပျော်သွားလဲဆိုတာကို ကြည့်လိုက်ပါ။ အရင်ကထက်ပိုပြီး ပြုံးလာမယ် ၊ ပိုပြီးပျော်လာတ်ဆိုတာကိုလည်း တွေ့ပါလိမ့်မယ်။ ဒီလိုဖြစ်တာဘာကြောင့်လဲဆိုတော့ ကိုယ်ဖြစ်ချင်တဲ့ဆန္ဒတွေကို မချန်ထားခဲ့ဘဲ လုပ်လိုက်ရလို့ပါ။

အခုကိုယ့်ကိုယ်ကိုယ် ဘာလို့ရှေ့တန်းတင်သင့်တယ်ဆိုတာကို သိပြီဆိုတော့ ဘယ်လိုရှေ့တန်းတင်ရမလဲဆိုတာကို ပြောပြပါ့မယ်။

ကိုယ့်ကိုယ်ကိုယ်ရှေ့တန်းတင်နိုင်မယ့် ထိရောက်တဲ့နည်းလမ်းများ

ကိုယ့်ကိုယ်ကိုယ်ရှေ့တန်းတင်ဖို့ဆိုရင် ပထမဆုံးသိဖို့လိုတာက Self-Awareness ပါပဲ။ ကိုယ်အရမ်းပင်ပန်းနေပြီလား ၊ Break ယူဖို့ လိုအပ်နေပြီလား ၊ အကူအညီလိုနေလား ၊ တစ်ခုခုကိုလိုချင်နေတာလားဆိုတာတွေကို သိဖို့လိုပါတယ်။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်နိုင်တဲ့အကောင်းဆုံးလူသားက အမေပြီးရင်ကိုယ်ပဲ။ ဒီတော့

ဆင်ခြေပေးလို့မရမယ့် စည်းကမ်းသတ်မှတ်ထားပါ

ကိုယ်လုပ်ရမယ့်အရာတွေကို စာရင်းလုပ်ထားပြီး လုပ်ဖြစ်အောင်လုပ်ပါ။ နေ့တိုင်းကိုယ်လုပ်ချင်တာတွေရှိသေးရင် ထပ်ပေါင်းထည့်ပြီး ရှေရှည်စီမံကိန်း (ကိုယ်ပိုင်) တွေလည်း ထည့်ပါ။ ကိုယ့်ရဲ့စာရင်းထဲမှာ အချိန်ဇယားလေးလည်းထည့်ပေးထားပါ။ ကိုယ့်အတွက်အသုံးပြုရမယ့်အချိန်ရယ် သူများအတွက်သုံးရမယ့်အချိန်ရယ်ဆိုပြီး ခွဲခြားထားပါ။

တစ်ယောက်တည်းနေဖို့ အချိန်ပေးပါ

တစ်ခါတလေ တစ်ယောက်နေတာက ကောင်းတဲ့အလေ့အထတစ်ခုပါ။ ဒီလိုနေတာက ကိုယ့်ကိုယ်ကို ပြန်သုံးသပ်ဖို့ အချိန်ပေးလိုက်တဲ့သဘောပါပဲ။ ဘယ်သူဘယ်ဝါကိုမှ ဦးစားပေးနေဖို့ မလို၊ စဉ်းစားပေးနေဖို့မလိုဘဲ ကိုယ်သာလျှင် တစ်ဦးတည်းသော အရှင်သခင်ဖြစ်နေမယ့် အချိန်မျိုးပေါ့။ ဒီလိုလုပ်ပေးမယ်ဆိုရင် ငြိမ်းချမ်းမှုကို ပိုခံစားရမှာဖြစ်ပြီး ကိုယ့်စိတ်အားထက်သန်ရာနောက်ကို လိုက်ဖို့ ခွန်အားတွေ ပြည့်လာပါစေလိမ့််မယ်။

ဒီအချက်တွေကတော့ ကိုယ့်ကိုယ်ကိုယ်ရှေ့တန်းတင်တဲ့အခါ လိုအပ်တဲ့ အချက်တွေပဲ ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုအပြည့်နဲ့ ရှေ့တန်းထွက်ဖို့ရာ ဘာလုပ်ဖို့ အချိန်အကြာကြီး စောင့်နေမှာလဲ။ နောက်ကျမအောင် ခုပဲ စတင်လုပ်ဆောင်ဖို့ တိုက်တွန်းချင်ပါတယ်။

Piki (Akhayar)