၃၁ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲမှာ Esports ပြိုင်ပွဲများ ပါဝင်မှာမဟုတ်

၃၁ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲမှာ Esports ပြိုင်ပွဲများ ပါဝင်မှာမဟုတ်

ဖိလစ်ပိုင် အိုလံပစ် ကော်မတီရဲ့ ဥက္ကဌဖြစ်သူ Abraham Tolentino ရဲ့ ပြောကြားချက်များအရ (၃၁) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ အဖြစ် ၂၀၂၁ ခုနှစ်မှာ ကျင်းပသွားမယ့် ဗီယက်နမ် ဆီးဂိမ်းပြိုင်ပွဲမှာ အားကစားနည်း (၃၆) မျိုးခန့်သာ ပါဝင်ဖွယ် ရှိသလို Esports ပြိုင်ပွဲတွေလည်း ပါဝင်နိုင်ခြေ နည်းပါးတယ်လို့ သိရပါတယ်။

၂၀၁၉ ခုနှစ်၊ ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပသွားခဲ့တဲ့ အကြိမ် (၃၀) မြောက် ဆီးဂိမ်းပြိုင်ပွဲမှာ Esports ပြိုင်ပွဲများကို ထည့်သွင်းကျင်းပခဲ့ပေမယ့် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ အန္တရာယ်ကြောင့် ၂၀၂၁ ခုနှစ်၊ ဗီယက်နမ် ဆီးဂိမ်းပြိုင်ပွဲမှာ အားကစားနည်း (၃၆) မျိုးခန့်သာ ထည့်သွင်း ကျင်းပသွားဖို့ လျာထားလျက် ရှိတယ်လို့ သိရပါတယ်။

ဗီယက်နမ် အားကစား အဖွဲ့ချုပ်ဘက်ကတော့ (၃၁) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲများ ထည့်သွင်းကျင်းပသွားဖို့ အတွက် မြားပစ်၊ ကြက်တောင်၊ ဘက်စကက်ဘော၊ လက်ဝှေ့၊ ဘိလိယက်၊ စနူကာ၊ ကနူး/ကယက်၊ စစ်တုရင်၊ စက်ဘီး၊ ဘောလုံး၊ ဖူဆယ်၊ ဂေါက်ရိုက်၊ အေရိုးဘစ်၊ ဂျူဒို၊ မွေထိုင်း၊ ကာရာတေး၊ Pencak Silat၊ Petanque၊ လှေလှော်၊ သေနတ်ပစ်၊ Sepak Takraw၊ တိုက်ကွမ်ဒို၊ စားပွဲတင် တင်းနစ်၊ တင်းနစ်၊ ဘောလီဘော၊ ဝိတ်မ၊ နပန်း၊ ရေကူး၊ ဝူရူး၊ ကစ်ဘောက်ဆင်၊ Vivinam စတဲ့ ကစားနည်းတွေ အပါအဝင် ကစားနည်း (၃၆) မျိုးကို ထည့်သွင်း ကျင်းပသွားဖို့ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အဖွဲ့ချုပ်ကို အဆိုတင်သွင်းထားတယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာ ဗီယက်နမ် အားကစား အဖွဲ့ချုပ်ဘက်ကသာ အဆိုတင်သွင်းမှုကို ပြုလုပ်ရသေးတာဖြစ်ပြီး အခြားသော အာဆီယမ်နိုင်ငံများမှ အားကစား အဖွဲ့ချုပ်များဘက်က အဆိုတင်သွင်းမှုတွေ ပြုလုပ်ရခြင်း မရှိသေးတာကြောင့် ဗီယက်နမ် ဆီးဂိမ်းမှာ ထည့်သွင်းကျင်းပသွားမယ့် အားကစားနည်းတွေကို အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။

ပြီးခဲ့တဲ့ အကြိမ် (၃၀) မြောက် ဖိလစ်ပိုင် ဆီးဂိမ်းပြိုင်ပွဲမှာ အားကစားနည်း (၅၆) နည်း ပါဝင်ခဲ့သလို Esports အမျိုးအစား ပြိုင်ပွဲ (၆) မျိုး ပါဝင်ခဲ့ပါတယ်။ ဖိလစ်ပိုင်နိုင်ငံ အနေနဲ့ အဆိုပါ ပြိုင်ပွဲမှာ ရွှေတံဆိပ် (၁၄၉) ခု၊ ငွေတံဆိပ် (၁၁၇) ခု၊ ကြေးတံဆိပ် (၁၂၁) ခု စွတ်ခူးနိုင်ခဲ့သလို Esports ပြိုင်ပွဲတွေကနေ တစ်ဆင့် ရွှေတံဆိပ် (၃) ဆု၊ ငွေတံဆိပ် (၁) ဆု၊ ကြေးတံဆိပ် (၁) ဆု ရယူနိုင်ခဲ့ပါတယ်။

လက်ရှိအချိန်မှာ အခြားသော အာဆီယမ်နိုင်ငံများမှ ဗီယက်နမ် ဆီးဂိမ်းမှာ ထည့်သွင်းကျင်းပသွားမယ့် အားကစားနည်းတွေနဲ့ ပတ်သက်ပြီး အဆိုတင်သွင်းမှုတွေ ပြုလုပ်ခြင်း မရှိသေးတာကြောင့် ကျန်ရှိနေသေးတဲ့ နိုင်ငံတွေ အများစု အနေနဲ့ Esports အားကစားနည်းတွေကို ထည့်သွင်း အဆိုတင်သွင်းမှသာ ကျွန်တော်တို့ ချစ်မြတ်နိုးတဲ့ Esports ပြိုင်ပွဲတွေကို ဗီယက်နမ်ဆီးဂိမ်းမှာ မြင်တွေ့သွားရဖွယ် ရှိပါတယ်။

REF: ManilaTimes