ရှိရင်းစွဲထက် ပိုအောင်မြင်စေမယ့် နည်းလမ်းများ

ရှိရင်းစွဲထက် ပိုအောင်မြင်စေမယ့် နည်းလမ်းများ

ကျွန်တော်တို့ရဲ့ စွမ်းဆောင်ရည်ကို စိန်ခေါ်မယ့်အရာကို မလုပ်တာဟာ ကိုယ်ပိုင်ရှိပြီးသားစွမ်းရည်တွေကို ကျဆင်းစေတာနဲ့ တူတူပါပဲ။ ကိုယ်ပိုင်နေရာ (comfort zone) လေးထဲမှာပဲ ပိတ်မိနေရင်တော့ ဘယ်တော့မှ တိုးတက်မှုတွေကို ရမှာမဟုတ်ပါဘူး။ ဘယ်တော့မှ ကိုယ်ရဲ့အလားအလာတွေကို မတားဆီးပါနဲ့။ သမားရိုးကျနည်းတွေကနေ ဖောက်ထွက်ပါ။ ဒီလိုဖောက်ထွက်ဖို့ ဘာတွေလုပ်ရမလဲဆိုတော့က…

ကိုယ်ကြောက်တဲ့ အရာတစ်ခုကို တစ်ပတ်ဆက်တိုက်လုပ်ကြည့်ပါ။


ခင်ဗျားက ခင်ဗျားရဲ့ crush ကို စကားပြောရမှာ ကြောက်တယ်ဆိုပါတော့။ နောက်တစ်ခါ ခင်ဗျားရဲ့ crush ကိုမြင်ရင် ရှောင်ပုန်းပြီး ကြောက်နေမယ့်အစား စကားတစ်ခွန်းလောက်သွားပြောကြည့်ပါ။ သူက ခင်ဗျားကို စကားနည်းနည်းပဲ ဒါမှမဟုတ် လုံးဝပြန်မပြောတာ ဖြစ်ချင်ဖြစ်ပါလိမ့်မယ်။ သူက စကားနည်းနည်းပဲပြန်ပြောတာက သူ့ဘက်ကလည်း ကြောက်နေတာ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဘာမှပြန်မပြောတာကလည်း သူ့မှာ သူ့အခက်အခဲနဲ့သူ ရှိလို့ဖြစ်ပါလိမ့်မယ်။ နောက်နေ့ထပ်ပြီး သွားပြောကြည့်ပါ။ အဲဒီလို ပြောကြည့်ရင်းကနေ ဖြည်းဖြည်းချင်း မကြောက်တော့ဘဲ နောက်ပိုင်းမှာ ယုံကြည်မှုရှိရှိနဲ့ ပြောနိုင်လာပါလိမ့်မယ်။

လက်ရှိအသုံးစရိတ်ထက် လျှော့ပြီးသုံးပါ။


ထားပါတော့ ခင်ဗျားက တစ်လတစ်သိန်းသုံးတဲ့သူဆိုရင် အခုကစပြီး ရှစ်သောင်းလောက်နဲ့ တစ်လလုံး လောက်အောင် သုံးကြည့်ပါ။ ပိုက်ဆံကို စီမံခန့်ခွဲနိုင်တာဟာ ကိုယ်ဘယ်လောက်ရှာနိုင်လဲကို ပြရုံတင်မဟုတ်ဘဲ ကိုယ်ရှာနိုင်တဲ့ ပိုက်ဆံကို ကိုယ်ဘယ်လောက်ထိ အကျိုးရှိအောင်သုံးနိုင်လဲဆိုတာကိုပါ ပြသရာရောက်ပါတယ်။

ကိုယ်ဝါသနာပါတဲ့ သင်တန်းတစ်ခုခုကို တက်ပါ။


ကိုယ်ဝါသနာပါတဲ့ ဂီတာတီးသင်တန်းပဲဖြစ်ဖြစ် ပန်းချီဆွဲသင်တန်းပဲဖြစ်ဖြစ် ဟိုနေ့တက်မယ် ဒီနေ့တက်မယ်ဆိုပြီး အစီအစဉ်တွေဆွဲကာ အချိန်ပိုမရှိလို့ မအားလို့ဆိုတဲ့ ဆင်ခြေတွေကိုလျှော်ပြီး တက်ချင်ရဲ့နဲ့ မတက်ခဲ့တဲ့ သင်တန်းတစ်ခုခုကို တက်လိုက်ပါ။ ဒီလိုတက်လိုက်တာဟာ ခင်ဗျားအတွက် အတွေ့အကြုံသစ်ရော ကိုယ်လုပ်ချင်တာကို လုပ်လိုက်ရတဲ့အတွက်ရော စိတ်ပြေလက်ပျောက်ဖြစ်သွားနိုင်ပါတယ်။ ကံကောင်းရင် ကိုယ့်ရဲ့ ဖူးစာဖက်ကိုတောင် သင်တန်းမှာ ရှာတွေ့ရင်တွေ့နိုင်မှာပါ။

အပြင်ထွက်ပါ လူသစ်တွေနဲ့တွေ့ဆုံပါ။


ခရီးသွားတယ်ဆိုတာ အဝေးကြီးကို ကားနဲ့လေယာဉ်နဲ့သွားမှ ဗဟုသုတရတာ မဟုတ်ပါဘူး။ ဒေသပြတိုက်တွေ ၊ စာကြည့်တိုက်တွေ သွားပြီးလေ့လာသင်ယူပါ။ အဲ့မှာတွေ့တဲ့လူတွေနဲ့ဖြစ်နိုင်ရင်မိတ်ဆွေဖွဲ့ပါ။ အဝေးကြီးမဟုတ်ဘဲ ရွှေတိဂုံဘုရားပေါ်မှာတောင်မှ ကိုယ်မရောက်ဖူးသေးတဲ့ နေရာတွေရှိရင်ရှိမှာပါ။ ဖြစ်နိုင်ရင် သမိုင်းကြောင်းတွေကို အချိန်ပေး လေ့လာကြည့်ပါ။

ကဲ ဒီနည်းတွေကတော့ ကိုယ့်ကိုယ်ကို စိန်ခေါ်လို့ရမယ့် နည်းလမ်းတချို့ဖြစ်ပါတယ်။ တခြားနည်းလမ်းလေးတွေသိရင်လည်း ပြန်လည်မျှဝေပေးဖို့ မမေ့နဲ့ဦးနော်။