စိတ်ကူးယဉ်ခြင်းကကောင်းတယ်ဆိုတာပြတဲ့အချက် (၅) ချက်

စိတ်ကူးယဉ်ခြင်းကကောင်းတယ်ဆိုတာပြတဲ့အချက် (၅) ချက်

ကျွန်မတို့တွေ ငယ်ငယ်ကဆို စာသင်နေရင်းနဲ့ ပြတင်းပေါက်အပြင်ဖက်ကိုငေးပြီး စိတ်ကူးတွေယဉ်ကြရင် ဆရာမခေါင်းခေါက်တာခံရပေါင်းလည်း မရေမတွက်နိုင်အောင်များလွန်းပါတယ်။ စိတ်ကူးယဉ်ရင် လူကြီးတွေကပြောကြတယ် လုပ်စရာရှိတာကိုမလုပ်ဘူး ၊ စိတ်ကူးယဉ်ဖို့ပဲသိတယ် ၊ အဖြစ်ကိုမရှိဘူး။ ဘာဖြစ်တယ် ၊ ညာဖြစ်တယ်ဆိုပြီး အပြစ်တင်ခံရတယ်။ လူတွေအမြင်မှာ စိတ်ကူးတွေယဉ်ပြီး လေထဲတိုက်ဆောက်တာက အလကား တကယ်မှာ ဘာမှဖြစ်လာမှာမဟုတ်ဘူးပေါ့။ ဒါပေမယ့် စိတ်ကူးယဉ်တာမှာ လူတွေမသိသေးတဲ့ကောင်းတဲ့အချက်တွေရှိတယ်။

ရှုပ်ထွေးတဲ့စိတ်ပိုင်းဆိုင်ရာလုပ်ငန်းစဉ်တွေလုပ်နိုင်စွမ်းကိုမြှင့်တင်ပေးတယ်


ကိုယ်ကစိတ်ကူးယဉ်နေလို့ အဖေတွေ ၊ အမေတွေက အာရုံစိုက်လေ ၊ သေချာနားထောင်ဆိုပြီး ပြောတာခံရလိမ့်မယ်။ စာသင်နေတုန်း စိတ်ကူးယဉ်နေလို့ သင်ခန်းစာတွေ လွတ်သွားတာတွေ ဖြစ်ဖူးလိမ့်မယ်။ ဒါပေမယ့်ဒီပျောက်ဆုံးသွားတဲ့အချိန်တွေက တကယ်မှာဆုံးရှုံးမှုတွေ မဟုတ်ပါဘူး။ သိပ္ပံပညာရှင်တွေက စိတ်ပိုင်းဆိုင်ရာပဟေဠိတွေကိုဖြေရှင်းဖို့အတွက် ဦးနှောက်ကွန်ရက်အပြင်ဖက်တွေးတောခြင်း ( အာရုံစိုက်ပြီးတွေးတောခြင်း) ကို အပြည့်အဝလုပ်ဆောင်ပြီး အတွင်းဖက်ကတွေးတောခြင်း ( စိတ်ကူးယဉ်ခြင်း) ကို ပိတ်လိုက်ဖို့လိုတယ်လို့တွေးခဲ့ကြတယ်။ အခုတော့ Cornell University က သုတေသနသမားတွေက စိတ်ပိုင်းဆိုင်ရာစွမ်းဆောင်နိုင်မှုတွေက ဦးနှောက်အတွင်း အပြင်ကွန်ရက်နှစ်ခုလုံးကို အတူတကွ လုပ်ဆောင်နိုင်မှ ဦးနှောက်ပိုထက်တာကို လေ့လာတွေ့ရှိခဲ့တယ်။ ဒီတော့ကိုယ့်ဦးနှောက်စွမ်းအားကို မြှင့်တင်ချင်တယ်ဆိုရင် စိတ်ကူးသာများများယဉ်ပေးပါလေ။

သင့်ရဲ့ဉာဏ်ရည်ကို မြှင့်တင်ပေးတယ်


ကိုယ်တွေးတောနေတာတွေများလို့ အခန်းထဲမှာ အမှတ်မကောင်းဖြစ်နေပြီလား။ ဒါအတွက်စိတ်မပူပါနဲ့။ သင့်ရဲ့ဉာဏ်ရည်က ကျောင်းကအမှတ်စာရင်းတွေ ဆုံးဖြတ်ပေးတဲ့အတိုင်း တသမတ်တည်းဖြစ်နေတာမဟုတ်ပါဘူး။ သုတေသနပညာရှင်တွေက IQ Test တွေနဲ့စာပေးပွဲအမှတ်စာရင်းတွေက ရလာဒ်တွေထက် အများကြီးပိုတယ်လို့ လေ့လာတွေ့ရှိခဲ့တယ်။ NYU က ပါမောက္ခ Scot Barry Kaufman က ဉာဏ်ပညာဆိုတဲ့ထဲမှာ ပင်ကိုယ်စေ့ဆော်မှု ၊ အလိုလိုသိစိတ်နဲ့ ရုတ်တရက်အာရုံရတာတွေပါပါပြီး ဒါတွေက စိတ်ကိုလွတ်ထားပြီး စိတ်ကမ္ဘာထဲလျှေက်သွားနေမှဖြစ်တာဖြစ်တယ်။ စိတ်ကူးယဉ်လို့အဆင့် ၁ ရချင်မှရမယ် ၊ ဒါပေမယ့် စိတ်ကူးယဉ်ခြင်းက ဘဝမှာအောင်မြင်မှုတွေရစေနိုင်တယ်လို့ Kaufman ကပြောခဲ့တယ်။

ပိုပြီးဆန်းသစ်တီထွင်နိုင်တယ်


သင်ကစိတ်ကူးအယဉ်လွန်ပြီး ခေါ်မရအော်မရဖြစ်နေတဲ့သူဆိုရင်လည်း အားမငယ်ပါနဲ့။ သင့်မှာအဖော်ရှိပါတယ်။ ဒိတ်ဒိတ်ကြဲပါပေ့ဆိုတဲ့ သိပ္ပံပညာရှင်ကြီး Albert Einstein တို့ စာပေနယ်ပယ်ကဆရာကြီးတွေဖြစ်တဲ့ Bronte Sisters တို့က စိတ်ကူးယဉ်သမားတွေတဲ့။ ပြောရရင် သူတို့တွေစိတ်ကူးယဉ်လို့ပဲ အောင်မြင်တဲ့တီထွင်မှုတွေဖြစ်လာခဲ့တာဖြစ်တယ်။ California University က သိပ္ပံပညာရှင်တွေလေ့လာချက်အရ အရမ်းအာရုံစိုက်ရတဲ့အလုပ်ကိုလုပ်ရင်း ခဏနားလိုက်တယ် မဟုတ်ရင်လည်း ပေါပါ့ပေါ့ပါးပါးတစ်ခုကိုလုပ်လိုက်တယ်။ ဒီလူတွေက အရမ်းအာရုံစိုက်ပြီးလုပ်တဲ့အလုပ်ကို အနားလည်းမယူ ဆက်တိုက်လုပ်ရင်လုပ် မဟုတ်လည်း နောက်ထပ်ပိုခေါင်းစားတဲ့အလုပ်ကိုပြောင်းလုပ်သူတွေထက် ၄ဝ % ပိုပြီးတီထွင်ကြံဆနိုင်တယ်တဲ့။ ဒီတော့အတိုခြုံးပြောရရင်ကွယ် ပေါ့ပေါ့ပါးပါး အလုပ်လေးတွေလုပ်ပြီး စိတ်ကူးလေးယဉ်နေတာက ဆန်းသစ်တီထွင်နိုင်စွမ်းကို ဖြစ်စေတယ်ပေါ့။

အပန်းပြေစေပြီး စိတ်ဖိစီးမှုတွေကို ဖြတ်တောက်ပေးတယ်


စိတ်ကူးယဉ်တာကြောင့် စိတ်အပန်းပြေစေတယ်ဆိုပြီး သုတေသနတွေ သိပ်မလုပ်ဘူးပေမယ့် စိတ်ကူးယဉ်တာကလည်း တရားထိုင်တာတို့ အိပ်ငွေ့ချတာတွေလိုပဲ ဆင်တူတဲ့သက်ရောက်မှုတွေရှိတယ်။ ပြောရရင် ကိုယ့်ရဲ့စိတ်ရှုပ်စရာ စိတ်သောကတွေကို မတွေးဘဲ အေးအေးဆေးဆေးကိုယ်ဖြစ်ချင်တာတွေကို စိတ်ကူးယဉ်နေတာက စိတ်အပန်းပြေတဲ့အပြင် စိတ်လည်းချမ်းသာတယ်လေ။

သင့်ရဲ့ Working Memory ကို သန်စွမ်းစေတယ်


စိတ်ကူးယဉ်တာကမှတ်ဉာဏ်စွမ်းအားကို အားနည်းစေတယ်လို့ထင်ရင်ထင်ရမယ်။ ကိုယ်ကအစည်းအဝေးထိုင်နေတုန်း စိတ်ကူးယဉ်နေလို့ ကိုယ့်ဆရာပြောတာကို မကြားလိုက်ဘူး ၊ အိမ်သော့ကိုဘယ်နားချမိလည်းမသိဘူး စသဖြင့်ဖြစ်တတ်တယ်။ ဒါပေမယ့် စိတ်ကူးယဉ်တာက ကိုယ့်ရဲ့မှတ်ဉာဏ်ကို တိုးမြှင့်စေတယ်။ Wisconsin University နဲ့ Max Planck Institute for Human Cognitive and Brain Science တို့က စိတ်ကူးယဉ်ဖို့အခွင့်အရေးပေးတဲ့ ပေါ့ပါးတဲ့လုပ်ဆောင်ချက်တွေကို လုပ်တဲ့သူတွေက သတင်းအချက်အလက်တွေကို ပိုမှတ်မိနိုင်တာကို တွေ့ရှိခဲ့တယ်။
ဒီတော့ပြောခဲ့တဲ့အချက်အလက်တွေအားလုံးကို ခြုံငုံသုံးသပ်ကြည့်မယ်ဆိုရင် စိတ်ကူးယဉ်တာက ကိုယ့်ရဲ့စိတ်နဲ့ဦးနှောက်ကို တော်တော်လေးအထောက်အကူပြုတာကို တွေ့ရတယ်။ ဒါကြောင့် ကျွန်မတို့အနေနဲ့ လေထဲမှာဆက်ပြီး တိုက်ဆောက်ရင်း ဘဝကိုစိတ်ကူးယဉ်ပြီး စိတ်ချမ်းချမ်းသာသာနဲ့ ဖြတ်သန်းကြတာပေါ့ကွယ်။

Piki (Akhayar)

Ref: www.psychologytoday.com

www.mnn.com