Epic League Division 2 ပြိုင်ပွဲမှာ ဝင်ပြိုင်ရင်း အသင်းကို ဖျက်သိမ်းသွားခဲ့တဲ့ 5MEN Dota2

Misery ဦးဆောင်တဲ့ 5MEN Dota2 အဖွဲ့သားတွေရဲ့ ဇာတ်လမ်းသွားလေးကတော့ ဆုံးခန်းတိုင်လို့ သွားခဲ့ပြီ ဖြစ်ပါတယ်။ 5MEN Dota2 အသင်း အနေနနဲ့ Epic League Division 2 ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ရင်း အသင်းကို ဖျက်သိမ်းဖို့ အတွက် ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်လို့ သိရပြီး Epicenter ဘက်မှ ကြေညာချက် အရ 5MEN Dota2 အသင်းနဲ့ ယှဉ်ပြိုင်ပြီး၊ ယှဉ်ပြိုင်သွားရမယ့် အသင်းများ အားလုံး အနေနဲ့ အနိုင်ရလဒ်ကို ရရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။

5MEN Dota2 အသင်းကို ပြီးခဲ့တဲ့ ဇူလိုင်လ ၃၀ ရက်နေ့မှာ နာမည်ကျော် ကစားသမားတွေဖြစ်ကြတဲ့ Misery, Pieliedie, Chessie, Xibbe, Ace တို့နဲ့ ဖွဲ့စည်းခဲ့တာဖြစ်ပြီး Epic League Division 2 ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ကို ရယူနိုင်ခဲ့ပါတယ်။ Epic League Division 2 ပြိုင်ပွဲရဲ့ အဖွင့်ပွဲစဉ် အဖြစ် ယှဉ်ပြိုင်ခဲ့ရတဲ့ Spider Pigzs နဲ့ ပွဲစဉ်မှာတော့ ၂-၁ နဲ့ ရှုံးနိမ့်ခဲ့ပြီး Gambit Esports နဲ့ ယှဉ်ပြိုင်ရမယ့် ပွဲစဉ်ကို ယှဉ်ပြိုင်ခဲ့ခြင်း မရှိဘဲ အရှုံးပေးခဲ့သလို ယခုအခါမှာတော့ အသင်းကို ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း တရားဝင် ကြေညာသွားခဲ့တာ ဖြစ်ပါတယ်။

5MEN Dota2 အသင်းရဲ့ အဖွဲ့သားတွေဖြစ်တဲ့ Misery နဲ့ Chessie တို့ကတော့ အသင်းဖျက်သိမ်းလိုက်ပြီ ဖြစ်ကြောင်းကို အခုလိုပဲ ကိုယ်ပိုင် တွစ်တာအကောင့်တွေကနေ တစ်ဆင့် ကြေညာသွားခဲ့ပါတယ်။
The 5MEN has gone their seperate ways. Thanks to all the people who supported us through our run. I am not going anywhere though, still looking to compete and i will start streaming a bit the coming months. :)
— Rasmus Filipsen (@MiSeRyDOTA) November 18, 2020
“5MEN အဖွဲ့သားတွေ အနေနဲ့ သီးခြားစီ ခွဲထွက်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ကျွန်တော်တို့ အသင်းကို အားပေးခဲ့ကြတဲ့ ပရိသတ်တွေ အားလုံးကို ကျေးဇူးတင်ရှိသလို ကျွန်တော့် အနေနဲ့ ပြိုင်ပွဲတွေမှာ ဆက်လက် ယှဉ်ပြိုင်သွားနိုင်ဖို့ ကြိုးစားသွားဦးမှာ ဖြစ်ပါတယ်။ လတ်တလော ကာလမှာတော့ Streaming ဘက်ကိုသာ အားစိုက် ပြုလုပ်သွားဦးမှာ ဖြစ်ပါတယ်။”
5men is no more, the motivation in the team was really low and I am honestly impressed with the results we had despite lack of practice. Thanks to the team for the run! I am excited for the future and will be looking for a new team to sink my teeth into, my DM's are open 1/2
— Rasmus Blomdin (@ChessieDota) November 18, 2020
“5MEN Dota2 အသင်းကို ဖျက်သိမ်းလိုက်ပြီ ဖြစ်ပါတယ်။ အသင်းသားတွေ အကြားမှာ စိတ်အားထက်သန်မှုတွေ ပျောက်ဆုံးနေခဲ့သလို လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ခြင်း မရှိပေမယ့် ထိုက်သင့်သလောက် နိုင်ပွဲတွေ ရယူနိုင်ခဲ့တဲ့ အတွက်လည်း တကယ်ကို အံ့အားသင့်မိပါတယ်။ မကြာခင် အချိန်အတွင်းမှာ အသင်းသစ်ကို ပြန်လည် ရှာဖွေသွားမှာဖြစ်ပြီး အသင်းသစ်နဲ့ မပေါင်းစည်းနိုင်ခင် ကာလအတွင်းမှာ Dota2 နဲ့ ပက်သက်တဲ့ Content တွေကို YouTube, Twitch တို့မှာ ဖန်တီးသွားမှာ ဖြစ်သလို အချိန်ရရင်ရသလို Casting ပြုလုပ်သွားမှာ ဖြစ်ပါတယ်။”

ဖျက်သိမ်းသွားခဲ့တဲ့ 5MEN Dota2 အသင်းရဲ့ ကစားသမား စာရင်းကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
- Marcus “Ace” Hoelgaard – Pos 1
- Rasmus “Chessie” Blomdin – Pos 2
- Adreas Per “Xibbe” Ragnemal – Pos 3
- Rasmus “MISERY” Filipsen – Pos 4
- Johan “Pieliedie” Astrom – Pos 5
REF: VpEsports