ကြွက်သားထွက်ဖု့ိအတွက် Gym ဆော့နေရင် ဒီအမှားတွေကို မလုပ်မိစေနဲ့

ကြွက်သားထွက်ဖု့ိအတွက် Gym ဆော့နေရင် ဒီအမှားတွေကို မလုပ်မိစေနဲ့

အမျိုးသားတွေဟာ ကျန်းမာကြံ့ခိုင်ပြီး ခန္ဓာကိုယ်အချိုးအစားကျနပြီး ဘာဝတ်ဝတ် စမတ်ကျဖို့အတွက် Gym ကိုပုံမှန်သွားပြီး ဆော့ကစားကြပါတယ်။ Gym ကို ပုံမှန်သွားပြီး ဆော့ကစားတာ ကြာပေမယ့်လည်း ဘယ်လောက်ဆော့ဆော့ Six Packs မထွက်လာဘဲ ဒီအတိုင်းက ဒီအတိုင်းပဲဆိုရင် Gym သွားနနရကျိုးလည်း မနပ်ပါဘူးနော်။ ကြိုးစားပမ်းစားလည်း ဆော့ထားရပြီး ငွေကုန်ကြေးကျလည်း အများကြီး ကုန်ခံထားရတာ ကိုယ်လိုချင်တဲ့ ခန္ဓာကိုယ်အချိုးအစားမရရှိဘူ;ဆိုရင် ဆော့တဲ့နေရာမှာ လွဲမှားတာတွေရှိနေပြီဆိုတာ သေချာပါတယ်။ ဘာတွေ လွဲမှားနေလဲ စစ်ဆေးတဲ့အခါ အခြေခံကျတဲ့ အရာတွေကနေ စပြီး သေချာစစ်ဆေးသင့်ပါတယ်။ ဆော့တော့ဆော့နေပေမယ့် ကြွက်သားမထွက်ဘူးဆိုရင် အခုဖော်ပြပေးတဲ့ အချက်တွေကို လုပ်မိနေလို့လည်း ဖြစ်နိုင်လို့ ဒီအချက်တွေကိုလည်း ထပ်ပေါင်းပြီး စစ်ဆေးသင့်ပါတယ်။ ကဲ….စစ်ဆေးနိုင်ဖို့ မှားယွင်းပြီး လုပ်မိနေတာတွေကို ဖော်ပြပေးလိုက်ပါပြီနော်။

တူညီတဲ့အရေအတွက်နဲ့ပဲကစားမိခြင်း
ကြွက်သားတည်ဆောက်ဖို့အတွက် ဘယ်နှစ်ကြိမ် ဆော့ကစားတာက အကောင်းဆုံးဖြစ်မလဲဆိုတာ အခုအချိန်ထိ အငြင်းအခုံတွေ ဖြစ်နေကြတုန်းပါပဲ။ ၅ ခေါက်ကနေ ၈ ခေါက်အထိ အထပ်အထပ်အခါခါ ကစားတာကတော့ အကောင်းဆုံးဖြစ်တယ်လို့ လူအများက လက်ခံထားကြပါတယ်။ ကိုယ် Gym ဆော့တာ Beginner အဆင့် မဟုတ်တော့ဘူးဆို တူညီတဲ့ အကြိမ်အရေအတွက်နဲ့ တူညီတဲ့ ဝိတ်တုံးကိုပဲ မနေတာမျိုး မဖြစ်သင့်တော့ပါဘူး။ အဲဒီလို စဆော့ထဲက အကြိမ်အရေအတွက် စဆော့ထဲက ဝိတ်တုံးနဲ့ပဲ ဆော့နေရင် သေချာပေါက် လိုချင်တဲ့ ကြွက်သားပုံစံမျိုး ရရှိမှာ မဟုတ်ပါဘူး။ Gym ဆော့တာကြာလာရင် ဝိတ်တုံးကို တိုးလိုက်ပြီး အကြိမ်အရေအတွက်ကို လျော့ပြီး ဆော့တာမျိုး ပြောင်းလဲဆော့ကစားကြည့်သင့်ပါတယ်။

အလွန်အကျူးဆော့ကစားခြင်း
တချို့တွေက ကြွက်သားထွက်ချင်ဇောအားကြီးပြီး အလွန်အကျူး ကြိုးစားပမ်းစား ကစားကြပါတယ်။ ကြိုးစားပမ်းစားကစားတာ ကောင်းပေမယ့် အလွန်အကျူးဖြစ်သွားရင် ကိုယ်လိုချင်တဲ့ ပုံစံကိုလည်း မရရှိနိုင်စေသလို ကျန်းမာရေးကိုပါ ထိခိုက်လာစေနိုင်ပါတယ်။ ကိုယ်ရည်မှန်းချက်က ကြွက်သားထွက်ဖို့အတွက်ဆို အဆီတွေ ထွက်လာတာကို စိုးရိမ်ပြီး ဝိတ်ကို အသည်းအသန်ချဖို့ မကြိုးစားပါနဲ့။ Cardio တွေ အလုပ်လွန်ရင်လည်း ဖြစ်ချင်တာနဲ့ ဖြစ်လာတာက နှမ်းချက်နဲ့မှန်းထွက်မကိုက် ဖြစ်သွားပါလိမ့်မယ်။ Workout အလုပ်လွန်တာမျိုးနဲ့ Cardio အလုပ်လွန်းတဲ့အခါ ကြွက်သားတည်ဆောက်ဖို့အတွက် လိုအပ်တဲ့ ကယ်လိုရီအပိုအလျှံတွေ ဆုံးရှုံးစေပါတယ်။

မှန်မှန်ကန်ကန်မစားသောက်ခြင်း
ကြွက်သားထွက်ချင်တဲ့သူတွေဟာ ကြွက်သားထွက်ဖို့အတွက်ဆို ပရိုတိန်းပဲ စားပေးဖို့ လိုအပ်တယ်လို့ ထင်တတ်ကြပါတယ်။ ပရိုတိန်းကလည်း အရေးကြီးတာမှန်ပေမယ့် ကာဗိုဟိုက်ဒရိတ်နဲ့ အဆီတွေကိုလည်း မေ့ထားလို့ မရပါဘူးနော်။ ကာဗိုဟိုက်ဒရိတ်က ခန္ဓာကိုယ်ကို ကြွက်သားထုတွေထွက်ဖို့ စွမ်းအင်တွေ ထောက်ပံ့ပေးပြီး အဆီတွေကတော့ Testosterone နဲ့ တခြားခန္ဓာကိုယ်ကြီးထွားစေတဲ့ ဟော်မုန်းတွေ ထွက်ရှိအောင် ပြုလုပ်ပေးပါတယ်။ Gym မှာ အားထည့်ပြီး ဆော့ခဲ့ပေမယ့် လိုချင်တဲ့ ရလဒ်မရရင် ကယ်လိုရီ (၅၀၀) ပေါင်းထည့်ပြီး စားပေးပါ။ နှစ်ပတ်လောက်ကြာတဲ့အထိမှ မသိသာသေးရင် နောက်ထပ် ကယ်လိုရီ (၅၀၀) ပေါင်းထည့်ပြီး စားပေးပါ။

လုံလုံလောက်လောက်မစားခြင်း
ကြွက်သားထွက်ဖို့ ကြိုးစားနေတဲ့သူတွေအနေနဲ့ Gym ချည်းပဲ ဖိဆော့နေလို့ မရပါဘူး။ ကြွက်သားတွေ ဖွံ့ဖြိုးတိုးတက်လာစေဖို့အတွက် ကြိုးစားနေတဲ့သူတွေအနေနဲ့ သာမန်လူတွေ စားနေသလိုမျိုး တစ်နေ့သုံးကြိမ်ပဲ စားနေလို့ မရပါဘူးနော်။ တောင့်တင်းကြံ့ခိုင်တဲ့ ကြွက်သားတွေရရှိဖို့အတွက်ဆို လုံလောက်တဲ့ ကယ်လိုရီ ရရှိစေဖို့အတွက် တစ်နေ့ကို ခြောက်နပ်လောက် စားပေးဖို့ လိုအပ်ပါတယ်နော်။

Barbell နဲ့ Dumbbell သုံးပြီး မကစားခြင်း
Gym ဆော့တဲ့ လူတော်တော်များများဟာ အားကစားရုံထဲက စက်ပစ္စည်းတွေနဲ့ ဆော့ကစားလိုက်ရင် ကြွက်သားတွေ ထွက်လာမယ်လို့ ထင်တတ်ကြပါတယ်။ အမှန်ကတော့ Barbell နဲ့ Dumbbell ကိုသုံးပြီး မကစားပေးရင် ကြွက်သားထွက်ဖို့က မလွယ်ကူပါဘူး။ Barbell နဲ့ Dumbbell ကိုသုံးပြီး ကစားပေးခြင်းက ကြွက်သားမျှင်တွေကို လှုံဆော်ပေးပြီး လေးလံတဲ့ ဝိတ်တုံးတွေကို မတဲ့အခါ ဟန်ချက်ညီပြီး အားကောင်းကောင်းနဲ့ မနိုင်အောင် ကူညီပေးပါတယ်။

တသတ်မတ်တည်းမရှိခြင်း
တသတ်မတ်တည်းမရှိခြင်းက ကြိုးစားထားတဲ့ ကြိုးစားအားထုတ်မှုတွေကို ဖျက်ဆီးပစ်တဲ့ အဓိကတရားခံပါ။ ဒီနေ့ကြိုးစားပမ်းစားကစားပြီး နောက်နေ့မှာ မုန့်စားနေ့ရင် ကြိုးစားထားသမျှ အကုန်လုံးဟာ အရာမထင်ဘဲ သဲထဲရေသွန်သလို ဖြစ်သွားပါလိမ့်မယ်။ ပျိုမဒီတိုင်း ကြိုက်နှစ်သက်တဲ့ ကြွက်သားထုတွေကို ပိုင်ဆိုင်ချင်တယ်ဆိုရင် မပျင်းရိဖို့နဲ့ ပုံမှန်လေး သတ်သတ်မှတ်မှတ်ထားပြီး လုပ်နိုင်ဖို့ ကြိုးစားပါ။ ဒီနေ့လုပ်ပြီး နောက်နေ့အိပ်နေတာမျိုး၊မုန့်စားနေတာမျိုး မလုပ်မိဖို့ သတိပြုပါ။

Gym ကစားနေတဲ့သူတွေအနေနဲ့ ဒီအချက်တွေထဲက ဘယ်အချက်တွေကို အများဆုံးလုပ်မိနေလို့ ကြွက်သားမထွက်တာလဲဆိုတာကို စစ်ဆေးပြီး အမှန်ကို ပြန်ပြင်ကာ လိုချင်တဲ့ ရည်မှန်းချက်ပန်းတိုင်ကို ရောက်ရှိအောင် ဆော့ကစားနိုင်ကြပါစေ။ ပရိသတ်ကြီးသိတဲ့ Gym နဲ့ပက်သက်ပြီး လုပ်မိနေတဲ့ အမှားတွေရှိရင်လည်း တခြားသူတွေ မလုပ်မိအောင် ပြန်လည်မျှဝေပေးသွားပါဦးနော်။

H.H(Akhayar)