ရုံးပိတ်ရက်ရှည်တွေအပြီးမှာ ရုံးပြန်တက်ကြရအောင်

ရုံးပိတ်ရက်ရှည်တွေအပြီးမှာ ရုံးပြန်တက်ကြရအောင်

ရုံးပိတ်ရက်တွေ ဆက်သွားတဲ့အခါမျိုးမှာ ရုတ်တရက် ရုံးပြန်တက်ရတော့မယ်ဆိုရင် ပျင်းသွားကြတာ သဘာဝပါ။ ဒါပေမယ့်လည်း ပျင်းလို့ဆိုပြီး မတက်လို့ကလည်း မဖြစ်ဘူးဆိုတော့ အခု ရုံးပိတ်ရက်ရှည်တွေအပြီးမှာ ရုံးပြန်တက်ဖို့ ဘယ်လိုအားယူကြမလဲဆိုတာကို ပြောပြမယ်နော်။

ကတိပေးပါ
လုပ်ဖော်ကိုင်ဖက်တွေနဲ့ အထက်လူကြီးတွေကို လာမယ်လို့သာ ကတိပေးထားလိုက်ပါ။ အဲဒါဆိုရင် ပြောပြီးဆိုပြီးသားကြီးဖြစ်နေတဲ့အတွက်ကြောင့် မသွားမဖြစ် သွားရပါတော့မယ်။ ဒါကတော့ အကြမ်းနည်းပေါ့နော်။ နည်းနည်းပျော့ချင်ရင်တော့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အတူတကွတွဲလုပ်ရမယ့်အလုပ်တစ်ခုခုကို ရုံးပြန်တက်တဲ့နေ့မှာ လုပ်မယ်ဆိုပြီး ချိန်းဆိုထားလိုက်ပါ။ ဒါက သင့်ကို ချက်ချင်းရုံးပြန်တက်ဖြစ်အောင် တွန်းအားပေးနေမှာပါ။

ဒိတ်မပျောက်ပါနဲ့
ပိတ်ရက်ရှည်ကြီးမှာ ပျော်ရွှင်ရင်း ပျောက်ဆုံးနေပြီး ဒိတ်ပါဖျောက်မထားပါနဲ့။ နေ့တိုင်း ပြက္ခဒိန်ကြည့်ပြီး ဒီနေ့ဘာနေ့ဆိုတာမျိုး၊ နောက်ဘယ်နှရက်နေရင် ရုံးတက်ရမယ်ဆိုတာမျိုး သတိပေးပါ။ မဟုတ်ရင်တော့ မနက်ဖြန် ရုံးတက်ရမှာကို ဒီနေ့ည အိပ်ခါနီးမှ သတိရတာမျိုးတွေဟာ သင့်ကို မနက်ဖြန်မနက် ရုံးမသွားဖြစ်အောင် လှုံ့ဆော်သွားပါလိမ့်မယ်နော်။

အသစ်တွေဝယ်ယူထားပါ
ဒါကတော့ ကိုယ့်ရဲ့ Secret Tip ပါ။ ပိတ်ရက်ရှည်ပြီဆိုတာနဲ့ အိတ်အသစ်ပဲဖြစ်ဖြစ်၊ ဂါဝန်လေးတစ်ထည်လောက်ပဲဖြစ်ဖြစ် အသစ်ဝယ်ထားလိုက်ပါတယ်။ ဒါဟာ သင့်ကို အပြင်သွားချင်အောင် ဆွဲဆောင်နိုင်ပါတယ်။ ဂါဝန်လေးဝတ်ပြီး အပြင်သွားချင်တာနဲ့ ရုံးပြန်ဖွင့်တာနဲ့ ရုံးတက်ဖို့ အသင့်ဖြစ်နေပါလိမ့်မယ်။ ဒါကလည်း တချို့ရုံးသမားတွေအတွက် အလုပ်ဖြစ်ပါတယ်။ မယုံရင် စမ်းကြည့်ပါ။

အလုပ်တွေပုံမထားပါနဲ့
တစ်ခါတလေကျတော့ ရုံးပြန်ဖွင့်မယ့်ရက်မှာ အလုပ်ပါးနေတာက အလုပ်ကို သွားချင်စိတ်ဖြစ်စေပါတယ်။ ဒီလိုမှမဟုတ်ဘဲ အလုပ်တွေ အရမ်းပုံနေမယ်ဆိုရင်တော့ အရင်ကတည်းက ပျင်းနေပါတယ်ဆိုမှ ပိုပြီးစိတ်ရှုပ်လာပါလိမ့်မယ်။ ဒီတော့ အလုပ်တွေအများကြီးကို ရုံးပြန်တက်တဲ့ပထမဆုံးနေ့မှ ပုံမထားပါနဲ့။ နည်းနည်း ပေါ့ပေါ့ပါးပါးနေလို့ရအောင် ကြိုတင်အချိန်ဇယားဆွဲထားခဲ့ပါတော့။

ပြန်ဆန်းစစ်ပါ
ဒီတစ်ချက်ကတော့ လက်တွေ့အကျဆုံးအချက်လို့ ပြောချင်ပါတယ်။ အခုသင်္ကြန်မှာ ကဲထားလို့ ကုန်ထားသမျှကို ပြန်တွေးလိုက်ပါ။ တစ်ရက်လောက် လစာနာသွားရင်လည်း သိသာပါတယ်နော်။ ဒါကြောင့် ရုံးပြန်ဖွင့်တာနဲ့ ရုံးသွားတက်ရပါလိမ့်မယ်။

ကဲ ဒီတော့ ရုံးပြန်ဖွင့်တဲ့ရက်မှာ အပျင်းတစ်မနေဘဲ ရုံးတက်ချင်စိတ်ရှိအောင် ဘယ်လိုလုပ်ရမလဲဆိုတာ သိသွားပြီဟုတ်။ ဒီတော့ အားလပ်ရက်တွေလည်း ကုန်ဆုံးသွားပြီဆိုတော့ အတူတူ ရုံးပြန်တက်ကြရအောင်။

Moethaesay (Akhayar)