Artstyle ကို နည်းပြအဖြစ် ပြန်လည် ခေါ်ယူခဲ့တဲ့ Virtus Pro Dota2

Artstyle ကို နည်းပြအဖြစ် ပြန်လည် ခေါ်ယူခဲ့တဲ့ Virtus Pro Dota2

TI 1 ချန်ပီယံလည်းဖြစ်၊ နာမည်ကျော် Dota2 နည်းပြတစ်ဦးလည်းဖြစ်တဲ့ Ivan “Artstyle” Antonov ကတော့ Virtus Pro Dota2 အသင်းရဲ့ နည်းပြ ရာထူးကို ဒုတိယ အကြိမ် အဖြစ် ထပ်မံ တာဝန်ယူသွားမှာ ဖြစ်ပါတယ်။ Artstyle ဆိုတာကတော့ CIS Dota2 လောကမှာ နာမည်တစ်လုံးနဲ့ ရပ်တည်လျက်ရှိတဲ့ ပုဂ္ဂိုလ်တစ်ဦး ဖြစ်သလို Virtus Pro Dota2 အသင်းမှာ နည်းပြအဖြစ် ပထမအကြိမ် လုပ်ကိုင်ခဲ့စဉ်ကလည်း ဆုဖလားပေါင်း များစွာကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

Artstyle တစ်ယောက် VP Dota2 အသင်းရဲ့ နည်းပြအဖြစ် ပြန်လည် တာဝန်ယူတော့မှာနဲ့ ပတ်သက်ပြီး VP Esports အဖွဲ့အစည်းရဲ့ GM ဖြစ်သူ Sergey Glamazda ကတော့ အခုလိုပဲ ပြောကြားသွားခဲ့ပါတယ်။

“Ivan ကို အသင်းအတွက် ပြန်လည် ခေါ်ယူနိုင်ခဲ့တဲ့ အတွက် တကယ်ကို ဝမ်းမြောက်မိပါတယ်။ သူ့အနေနဲ့ အရင်အချိန်တွေတုန်းကလည်း Virtus Pro Dota2 အသင်းကို ထိပ်သီး အသင်း အဖြစ် ရပ်တည်နိုင်အောင် ကူညီ ဆောင်ရွက်ပေးခဲ့သလို ဆုဖလားပေါင်း များစွာ သိမ်းပိုက်နိုင်အောင်လည်း ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒါ့အပြင် Artstyle ရဲ့ အတွေ့အကြုံတွေ၊ Dota2 အပေါ် နားလည်နိုင်စွမ်းတွေက အသင်းသားတွေ အတွက် တကယ်ကို အကျိုးဖြစ်စေမယ်လို့လည်း ယုံကြည်မိပါတယ်။ Artstyle ရဲ့ ညွှန်ကြားမှုအောက်မှာ ဆုဖလားပေါင်း များစွာကို နောက်တစ်ကြိမ် သိမ်းပိုက်နိုင်မယ်လို့လည်း ယုံကြည်မိပါတယ်။”

အခုလို VP Dota2 အသင်းနဲ့ ပြန်လည် ပေါင်းဖက်နိုင်ခဲ့ခြင်းနဲ့ ပတ်သက်ပြီး Artstyle အနေနဲ့ အောက်ပါအတိုင်း မှတ်ချက်ပေးခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၂ နှစ် အတွင်း Dota2 နဲ့ ပတ်သက်တဲ့ အတွေ့အကြုံပေါင်း များစွာကို ကျွန်တော် ရှာဖွေနိုင်ခဲ့ပါတယ်။ ကျွန်တော့်ကို တစ်စိုက်မတ်မတ် အားပေးခဲ့တဲ့ ပရိသတ်တွေ အားလုံးကိုလည်း အထူးပင် ကျေးဇူးတင်ရှိပါတယ်။ VP Dota2 အသင်းနဲ့ အတူ ဆုဖလားတွေ ထပ်မံ သိမ်းပိုက်နိုင်အောင် အစွမ်းကုန် ကြိုးစားသွားမှာပါ။”

Virtus Pro Dota2 အသင်းကို 2019-2020 DPC ရာသီအတွက် ပြန်လည် ဖွဲ့စည်းရာမှာ CIS ဒေသရဲ့ နာမည်ကျော် ကစားသမားပေါင်း များစွာနဲ့ ပြန်လည် ဖွဲ့စည်းခဲ့ပေမယ့် VP Dota2 အဖွဲ့သားတွေရဲ့ စွမ်းဆောင်ရည်ဟာ လုံးဝကို တည်ငြိမ်ခြင်းတော့ မရှိခဲ့ပါဘူး။

ပြိုင်ပွဲတစ်ခုမှာ အကောင်းဆုံး စွမ်းဆောင်ရည်တွေကို ပြသကာ ဆုဖလားကို ရယူနိုင်ခဲ့ပေမယ့် နောက်ထပ် ပြိုင်ပွဲတစ်ခုမှာ အုပ်စုကနေ ထွက်ခွာရတဲ့ အထိ ရလဒ်ဆိုးတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒါကြောင့် Artstyle လို နည်းပြကောင်း တစ်ဦး ပြန်လည် ရောက်ရှိလာခြင်းက VP Dota2 အသင်း ပရိသတ်တွေ အတွက်တော့ တကယ်ကို သတင်းကောင်း တစ်ခုပဲ ဖြစ်ပါတယ်။

REF: AfkGaming